အပိုင်း ၁၆။ ပွဲလန့်တုန်းဖျာခင်းတာအပြစ်မဟုတ်
ဖြေးဖြေးနဲ့ ဖေဖေနဲ့ပြောနေတဲ့စကားများက အဆိုးဘက်သို့ဦးတည်ကုန်သည်။ သူရိန်ကတော့လက်လျှော့မည်မဟုတ်။ ဖေဖေကလည်းခွင့်ပြုမည်မဟုတ်။ ခေါင်းမာသည့်နေရာ၊ အလျော့မပေးတတ်သည့်နေရာမှာ အသွင်တူတဲ့လူသားနှစ်ယောက် အဆုံးအစွန်ထိသွားကြတော့မည့်ပုံပင်။
သားအဖနှစ်ယောက်ကြားမှာ စိမ်းကားကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အေးစက်သွားတော့အံ့ဆဲဆဲ မေမေရောက်လာသည်။ သူရိန့်ဘေးမှာထိုင်လိုက်သည်။ သူရိန်တို့ပြောနေတဲ့စကားတွေကိုခဏလောက်နားထောင်နေပြီးသက်ပြင်းအသာချသည်။
သိမ်မွေ့နူးညံ့တဲ့မေမေ့လေသံလေးက စစ်ပွဲကြားကတေးငှက်သံလေးလိုမျိုး
"အစ်ကိုရယ်...အသေးစားစေ့စပ်ပွဲလေးပဲဖြစ်ဖြစ် လုပ်လိုက်ရအောင်ပါ"တဲ့
သူရိန် မေမေ့ကိုအံ့သြစွာကြည့်လိုက်မိသည်။ မေမေကသူ့လက်ဖဝါးနွေးနွေးနဲ့သူရိန့်ကျောကိုနွေးစေသည်။ ဖေဖေ့ကိုကြည့်ပြီး မျက်လုံးများမှိတ်၍ခေါင်းငြိမ့်ပြသည်။ ခေါင်းမာတဲ့ဖေဖေ့ကို အညံ့ခံလိုက်ပါဟုတောင်းဆိုနေသယောင်
"ဟန်နီ"
ဖေဖေကမယုံကြည်နိုင်စွာဖြစ်နေသည်။
"အစ်ကိုမျက်နှာပူရင် ညီမအကုန်လုပ်လိုက်ပါမယ်"
"သူများသမီးကိုတောင်းဖို့ မျက်နှာပူရုံတင်မဟုတ်ဘူး ဒီကိစ္စက...ငါ့သားရဲ့အနာဂါတ်တစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စပဲ..."
"ဖေဖေ...ကျေးဇူးပြုပြီး၊ ကျွန်တော်ကိုယ်ကျွန်တော်ဘာတွေတောင်းဆိုနေတာလဲသေချာနားလည်ပါတယ်"
"အစ်ကိုရယ် ချက်ချင်းကြီး လက်ထပ်မှာမှမဟုတ်တာပဲ သူတို့သမီးနဲ့စေ့စပ်ထားတယ်ဆိုတဲ့ချည်နှောင်မှုလေးတစ်ခုပဲသူရိန်ကလိုချင်တာပါ"
ဖေဖေကမျက်မှန်ကိုချွတ်ကာသူ့မျက်လုံးများကိုနှိပ်နေရင်း သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူရိန်နားလည်လိုက်ပါသည်။ ဒီငြင်းခုံပွဲမှာ သူလက်လျော့လိုက်ပြီ။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်