အခန်း ၆။ ဖေဖေရေ သမီးနှလုံးသားကိုခိုးသွားတဲ့ကောင်လေးကလေ
"ယုယအိမ်မှာ ညစာလိုက်စားပြီးမှပြန်ပါလား"
"မစားတော့ဘူး အန်ကယ် မေမေကစောစောပြန်လာဖို့မှာထားလို့"
ယုယသည် အနောက်ခန်းမှာထိုင်နေရာက မေသက်ထားနဲ့ သူ့ဖေဖေကြားကိုရောက်လာသည်။ မေသက်ထားက သူ့လက်ထဲက ကန်စွန်းဥဘူးကို ယုယဆီကမ်းပေးလေသည်။ ယုယသည်ဘူးထဲက ခရမ်းရောင် ကန်စွန်းဥတစ်စိတ်ကိုရွေးပြီး ခရင်းနဲ့ထိုးစားလိုက်သည်။
ပြုတ်ထားတာမဟုတ်ပဲ မီးသွေးနဲ့ကင်ထားတာကြောင့် ကန်စွန်းဥမီးဖုတ်အနံ့လေးက သင်းနေသည်။ ဘူးထဲမှာ ကန်စွန်းဥလေးတွေက ရွှေဝါတစ်စိတ် ခရမ်းသွေးတစ်စိတ်နှင့်၊ နူးအိနေတဲ့ကန်စွန်းဥလေးတွေအပေါ် ပဲဆီမွှေးကိုပါဆမ်းထားပြီး နှမ်းထောင်းလေးနဲ့လူးထားတာကြောင့် အရသာပြည့်စုံရုံတင်မက အနံ့နဲ့တင်သွားရေယိုချင်စရာ မွှေးပြီးသင်းနေတော့သည်။
ယုယတို့သည် ကျူရှင်အချိန်ပိုတတ်ရသည့်နေ့များတွင် ပုံမှန်ကျောင်းတက်ရက်ထပ်နှစ်ဆပင်ပန်းသည်။ ကျူရှင်ဆင်းပြီဆိုရင် ဗိုက်တွေဆာပြီး လူကဟပ်ဟပ်ထိုးနေပြီ။ မေသက်ထား ဖေဖေက ယုယတို့အကြောင်းကောင်းကောင်းသိသည်။ ကျုရှင်လာကြိုရင် အဆာပြေမုန့်ဘူးတစ်ဘူး အမြဲထည့်လာပေးသည်။
"ဒါဆိုနောက်နေ့ အိမ်လာလည်ဦးလေ ယုယစားချင်တာ အန်ကယ်ချက်ကျွေးမယ်"
ယုယအိမ်က မေသက်ထားအိမ်၊ မေသက်ထားအဖေက ယုယဦးလေးလို၊ ရင်းနှီးကြတာမို့ တစ်ယောက်နဲ့တစ်ယောက်က အားနာစရာမရှိ။ ယုယတို့ကတော့ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ဝင်ရောက်စားသောက်မြဲပင်။ မေသက်ထားရဲ့ဖေဖေက အင်မတန်သဘောကောင်းသည်။ ယုယတို့ကိုအလိုလိုက်ပြီး စားချင်တာမှန်သမျှ သူကိုယ်တိုင်ချက်ကျွေးတတ်သည်။
"လာလည်မယ် လာလည်မယ် ယုယဟိုတစ်ခါအန်ကယ်လုပ်ပေးတဲ့ ဘိန်းမုန့်ထူထူလေးစားချင်နေတာ"
"ဟုတ်လား ယုယအားရင်လာခဲ့ အန်ကယ် ဘိန်းမုန့်လုပ်ပေးမယ်"
"မိန်းမ ညည်းနော် ငါ့ဖေဖေကိုညာခိုင်းနေတယ်"
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်