၉။ ဘယ်သူကအစစ်အမှန်လဲ
သူရိန်မင်းမော်သည် မိုးမလင်းခင်တည်းက သူငယ်ချင်းများနှင့် အိမ်ထွက်သွားလိုက်တာ မနက်ဆယ်နာရီကျော်မှ အိမ်ကိုပြန်ရောက်လာခဲ့သည်။ သူပြန်ရောက်လာချိန်တွင် ဖေဖေကရုံးသွားပြီးဖြစ်ပြီး မေမေလည်းအလုပ်ကိုသွားပြီဖြစ်သည်။ မီးဖိုထဲမှာတော့ အကြူနှင့်မိလတ်က ကြီးကြီးကိုကူညီကာ နေ့လည်စာချက်ဖို့ပြင်နေကြသည်။
သူရိန်မင်းမော်က မီးဖိုထဲကိုရောက်လာပြီး ငရုပ်သီးထောင်းနေတဲ့ မိလတ်ကိုလှမ်းပြောလိုက်သည်။
"မိလတ် အစ်ကို့ကိုရေတစ်ခွက်ယူလာပေး...အာ...သံပုရာရေပါဖျော်လာခဲ့"
"ဟုတ်..အစ်ကို"
"မနက်စောစောစီးစီး ဘာလို့သံပုရာရေလဲ ကိုကိုရေ"
ကြီးကြီးက ဟင်းအိုးကိုအကြူ့ဆီလွှဲပြီး သူရိန်မင်းမော်ကို လှမ်းပြောလိုက်သည်။ တစ်အိမ်လုံးက ယုယခေါ်သလိုလိုက်ခေါ်ကြတာမို့ သူရိန့်ကို မေမေအပါအဝင် ၊ ကြီးကြီးကအစ၊ မိလတ်အဆုံး၊ အိမ်ကကားဒါရိုက်ဘာကြီးဦးအောင်ရော၊ ဖေဖေ့တပည့်ကိုထင်းကပါ ကိုကို (သို့) အစ်ကိုဟုခေါ်ကြသည်။
ကြီးကြီးအသံကြားတော့ သူရိန်မင်းမော်က မီးဖိုထဲကထွက်သွားဖို့ပြင်ပြီးမှ ပြန်ဝင်လာသည်။ ကြီးကြီးရဲ့တင်းကြပ်လှတဲ့ စည်းကမ်းတွေထဲမှာ အစားအသောက်ကို အချိန်နဲ့နေရာကိုလိုက်ပြီး စားသောက်တာတစ်ခုကလည်း အရေးကြီးတဲ့ကဏ္ဍမှာ အပါအဝင်ဖြစ်သည်။
"သားမနက်စာစားခဲ့တာ အငံတွေများလို့ ခေါင်းမူးနေသလိုပဲ"
"အဲ့တာကြောင့် အိမ်မှာပဲစားပါဆိုတာကိုနားမထောင်ဘူး၊ မင်းတို့ဘယ်လောက်ကောင်းတဲ့ ဆိုင်မှာစားစား ဟိုတယ်မှာပဲစားစား အိမ်ကအစားအသောက်က အကောင်းဆုံးပဲမှတ်ထား အိမ်မှာချက်တဲ့အစားအစာက ဘယ်တော့မှ ဥပါဒ်မဖြစ်ဘူး၊ အန္တရာယ်ကင်းတယ်..."
"အိမ်မှာပဲစားချင်ပါတယ် ကြီးကြီးရဲ့ မနက်ကဖူဆယ်ကွင်းချိန်းပြောင်းတဲ့ ကိစ္စကြောင့်လိုက်သွားရင်းနဲ့ သူငယ်ချင်းတွေနဲ့အတူ မနက်စာပါစားလာလိုက်တာ။ ညနေကျရင်လည်း အပြင်ထွက်ရမှာ ဒီနေ့ဟိန်းခန့်နှုတ်ဆက်ပွဲလေ"
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်