အခန်း ၅။ ဘယ်သူက မကြိုက်ဘူးပြောလို့လဲ
နေပူပူ၊ လေပူပူတိုက်နေသည့် နေ့လည်သုံးနာရီအချိန်တွင်ခြံဝန်းတစ်ခုရှေ့၌ လူကြီးဟန်ဆောင်နေသော ဆယ်သုံးလေးနှစ်အရွယ် ကလေးငယ်များစုရုံးနေကြသည်။ ကျောပိုးအိတ်ကိုယ်စီ ရေသန့်ဘူးကိုယ်စီနှင့် သူတို့သည် ကျူရှင်အချိန်ပိုတတ်ရန်ရောက်နေကြသူများဖြစ်ကြသည်။
"ဟိုရက်တွေက နင်တို့ကျောင်းမှာ သိင်္ခကျော်စွာနဲ့ Section E က ယုယမင်းမော်ဆိုတဲ့ တစ်ယောက်ရန်ဖြစ်ကြတာအကြီးအကျယ်ပဲဆို"
မိန်းကလေးတစ်ယောက်က သူ့သူငယ်ချင်းတွေဆီ ဤသို့စကားစလိုက်သည်။
"ယုယမင်းမေယ်ဆိုတာ ဟိုသနပ်ခါးတွေအများကြီးနဲ့ Section E ရှေ့ဆုံးတန်းမှာထိုင်တဲ့ စာကြမ်းပိုးလေးလား"
"အေး...အေး...ကလေးရုပ်လေးနဲ့သူပေါ့ မနက်ကတောင်ကျောင်းမှာ သိင်္ခ့လက်ကိုကိုက်ပစ်လိုက်တာအကွင်းလိုက်ကြီး"
"ဟယ်....ထင်မထားဘူး သူ့ကိုအငြိမ်လေးလို့ထင်တာ"
"ပြီးတော့ သိင်္ခလွယ်အိတ်ကိုလည်း အမှိုက်တောင်းထဲထည့်ပစ်သေးတာ"
"ဟယ် ဘယ်လိုတောင်"
"သိင်္ခက အဲ့အိတ်ကိုကျောင်းဆင်းတဲ့အထိ သွားမကောက်ဘူး"
"ဒေါ်ခင်ခင်သောင်းကြီးပါ ကြိမ်လုံးကိုင်ပြီးအတန်းထဲရောက်လာပြီး နှစ်ယောက်လုံးနားရွက်ဆွဲခေါ်သွားရတယ်။ ငါတို့အတန်းထဲမှာမနက်က ပွဲကြီးပွဲကောင်းပဲ"
"ဒေါ်ခင်ခင်သောင်းက နင်တို့ကျောင်းက ၈တန်းအတန်းမှုးမဟုတ်လား၊ အရမ်းကြမ်းတာဆို"
"အေး ဟုတ်တယ် နားနေခန်းခေါ်သွားပြီးပြန်လာတော့ ယုယမင်းမော်ထိုင်ငိုပါလေရော"
"သူကလည်းလုပ်တုန်းကလုပ်ပြီး ဘာလို့ငိုရတာလဲ"
"အဲ့လိုပါဆို... စိတ်ပျက်စရာကြီးပါဟယ်"
ဆရာ မလာသေးလို့ ကျူရှင်တံခါးမဖွင့်သေးတာနဲ့ အရှေ့ကဗန်ဒါပင်အောက်မှာ အရိပ်ခိုရင်း ဝိုင်းစုပြီးအတင်းပြောနေကြခြင်းဖြစ်သည်။ အဖွဲ့များနေရခြင်းက အချိန်ပိုခေါ်ထားတဲ့ Section Cနဲ့ E နှစ်ခုကကျောင်းသား၊ကျောင်းသူတွေစုံနေချိန်ဖြစ်၍ဖြစ်သည်။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်