အခန်း ၁၁။ ဘယ်သူက အချစ်စစ်လဲ
မေသက်ထားက ခရမ်းရောင်ကျောက်နှင့် ပန်းခတ်ပုံစံ ကလစ်လေးတစ်ခုကို ယုယခေါင်းမှာထိုးပေးလိုက်သည်။ ယုယက ပုခုံးထိရှည်တဲ့ မေ့ရဲ့ဆံလိမ်လေးများကိုဘီးကုတ်လှလှပန်ကာ သပ်ရပ်အောင်ဖီးပေးလိုက်သည်။ နှစ်ယောက်သား နှုတ်ခမ်းနီပါးပါးလေးကို ပြောင်းရှင်းကြည်လင်နေသည့် မျက်နှာလေးတွေထပ်မှာ ဆိုးလိုက်ကြပြီး ဒီနေ့အလှဆုံးဖြစ်ရမည်ဟုကြွေးကြော်ကာ ပြင်ဆင်လိုက်ကြသည်။
ယုယကခါးစီးကြိုးကို ခပ်ရော့ရော့ဆွဲချည်ကာ ပန်းနုရောင်ဂါဝန်အပါးလေးနှင့် အပေါ်ထပ်အင်္ကျီအဖြူလေးကိုဝတ်လိုက်သည်။ မေကခါးပတ်ကို ဂျင်းစကတ်ပေါ်မှာတင်းတင်းပတ်ထားပြီး အနက်ရောင်လက်တိုလေးနှင့်တွဲ ဝတ်ထားသည်။ ကိုယ်စီဝတ်စုံတွေနှင့်လိုက်ဖတ်လှသည့် ဒေါက်မြင့်ဖိနပ်လေးများကိုစီးလိုက်ကြပြီး မှန်ထဲမှာ သူတို့ကိုယ်သူတို့ကြည့်ကာကျေနပ်နေကြသည်။
"ဒေါက်ဒေါက်...."
""ဟုတ်ကဲ့! !""
"ပြီးရင်ထွက်လာခဲ့ကြတော့ နောက်ကျနေပြီ"
ကိုကိုကအခန်းရှေ့ကနေအော်ပြီး ထွက်သွားသည်။ ယုယတို့သည်အခန်းထဲကထွက်ခါနီး ရေမွှေးတွေကိုလေထဲမှာ ဖြန်းစွတ်ကာ ထိုအောက်သို့အတူတူခုန်ဝင်လိုက်ကြသည်။ ဤသို့ဖြင့် နှစ်နာရီကျော်ကြာတဲ့ပြင်ဆင်မှုကြီးပြီးဆုံးသွားလေသည်။
အလှပြင်လိုက်ရတာ ပင်ပန်းသွားပြီမို့ ယုယရော မေပါ ကိုကို့သူငယ်ချင်း ကျွေးတဲ့ညစာကို အဝဆွဲဖိုအဆင်သင့်ဖြစ်နေကြပြီ။ ပင်လယ်စာဘူဖေးနှင့် ကစားကွင်းပါပို့ပေးမည်ဆိုတာနဲ့ ပဲခူးမှာမျှော်တော်ခေါ်နေမယ့် သိင်္ခကျော်စွာကိုလည်းမေ့သွားကြသည်။ တနေကုန်စာလုပ်ထားရလို့ ဦးနှောက်တွေပင်ပန်းနေတဲ့ ယုယတို့နှစ်ယောက်သည် ထိုက်တန်တဲ့ပျော်ရွှင်မှုကိုယူဖို့အသင့်ပါပဲ။
အပေါ်ထပ်ကနေဆင်းလာတဲ့ယုယနဲ့မေ့ကို အောက်ထပ်ဧည့်ခန်းမှာထိုင်နေတဲ့ လူကြီးတွေကကြည့်နေကြသည်။ ကြီးကြီးနှင့်မေမေက ပြုံးပြုံး၊ သူတို့ရဲ့တွတ်တီးတွတ်တီးစကားသံတွေကြောင့် ဖေဖေကလည်းသတင်းစာကို ချပြီး ယုယတို့ကိုကြည့်သည်။
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်