(4) နှာဘူးကိုကို

925 92 9
                                    

"ဟူး...အခုမှပဲ အသက်ရှူချောင်တော့တယ်"

ဘက်စ်ကားပေါ်ကဆင်းဆင်းချင်း ချယ်ရီမေက ဒီလိုရေရွတ်တယ်။ ပြီးတာနဲ့ ခါးနှစ်ဖက်ကို လက်နဲ့ထောက်၊  အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို တစ်လှည့်စီ ရှူသွင်း၊ရှူထုတ်လုပ်၊ သူ့ဘေးမှာ ရပ်စောင့်ပေးနေတဲ့ ဇေယျာကိုကိုရဲ့လက်မောင်းတစ်ဖက်ကို ဖတ်ခနဲ မညှာမတာပုတ်ပြီး အပျိုကြီးပေါက်စလို တတွတ်တွတ် ပွားတော့တယ်။

"ငါတို့လစာထုတ်တဲ့တစ်ရက်လေးတော့ အလုပ်ကို တက္ကစီနဲ့လာရအောင် ယျာကိုကိုရယ်။ ဖယ်ရီကျတော့လည်း ဟိုကြို၊ဒီကြိုနဲ့ အချိန်ပိုကြာတယ်ဆိုပြီး နင်က မစီးချင်။ သူများတွေများ အလုပ်လာရင် ရှိူးစမိုးအပြည့်နဲ့ ဆံပင်တစ်ချက်မပွ၊ မိတ်ကပ်တစ်ချက်မပျက် အင်္ကျီတစ်ချက်မကျေဘဲ ရောက်ရောက်လာတာ။
နင်က​တော့ မသိသာပေမယ့် ငါ့ကိုလည်းကြည့်ဦး... အိမ်ကပြင်လာသမျှ အလှအပတွေက ဘက်စ်ကားပေါ်ကဆင်းရင် ဘယ်သူ့ဆီ ဘယ်လိုကပ်ပါသွားမှန်းကိုမသိဘူး။ ဆံပင်ကလည်း ဖွာလန်ကြဲ၊ မိတ်ကပ်ကလည်း ချွေးထွက်ပြီး ကွက်ကုန်တယ်၊ အင်္ကျီဆိုလည်း အိမ်ကဝတ်လာတာအကောင်း.... အခုတော့ ကြေ မွ...မွ"

"ချယ်ရီမေ...နင်မမောဘူးလားဟာ။
ဒါတွေပဲ ထပ်ခါထပ်ခါပြောနေတာ..."

"အေး...မောတယ် နင့်ကိုပြောရတာပိုမောတယ်။ အဲ့ဒါကြောင့် နောက်နေ့ကျရင် ငါ့ဖာသာ ကားငှားပြီးပဲ ရုံးလာတော့မယ်။ နင်ကတော့ ငပိသိပ်ဘက်စ်ကားတွေပဲ တိုးစီးလိုက်ဦး။ ဟင်း... ဘယ်သူမှ ထောက်ပံ့ပေးနေရတာလည်း မဟုတ်ဘဲနဲ့ စောင်ကပ်စီးကုတ်..."

သူပိတ်ဟောက်လိုက်ပေမယ့် အလကားပဲ။
နေရင်းထိုင်ရင်း ကပ်စီးကုတ်လို့ အပြောခံလိုက်ရရုံသာ အဖက်တင်ပြီး ချယ်ရီမေကတော့ သူ့ကိုမစောင့်ဘဲ ဘောက်ဆတ်ဘောက်ဆတ်နဲ့ JEMထဲကို ဝင်သွားခဲ့ပြီ။ သူငယ်ချင်းစဖြစ်ကတည်းက သူတို့နှစ်ယောက်ဟာ တစ်ခုမဟုတ်တစ်ခုကြောင့်နဲ့ စကားများရန်ဖြစ်နေရတာပဲမို့ "စိတ်မဆိုးပါနဲ့ သူငယ်ချင်းရာ"ဆိုပြီးလည်း မချော့မော့ဖြစ်။ ဒီလို မချော့လို့ ချယ်ရီမေက အကြာကြီး စိတ်ကောက်တတ်သလားဆိုရင် သူ့စိတ်ပြေနှုန်းက ကျားသစ်တွေရဲ့အမြန်နှုန်းထက်တောင် ပိုမြန်ဦးမယ်လို့ ပြောရလိမ့်မယ်။

Falling In Love With My Bomb(U/Z)Where stories live. Discover now