"ယျာကိုကို...အခုတလော နင့်ကို ကြည့်ရတာတစ်မျိုးပဲနော်"
"ဟင်...ဘယ်လိုတစ်မျိုးလဲ"
ပြန်မဖြေလို့ လှည့်ကြည့်တော့ သူ့ကို မျက်လုံးကြီးမှေးပြီး စိုက်ကြည့်နေတဲ့ ချယ်ရီမေကို ကြောက်မက်ဖွယ်ကောင်းစွာ မြင်လိုက်ရတယ်။ ဇေယျာကိုကို ဆေးရုံက ဆင်းလာတာ တစ်ပတ်ကျော်သွားပြီ။ အဲ့ဒီတစ်ပတ်အတွင်းမှာ သူနဲ့ စိုင်းအယ်ဘုန်းက JEMရဲ့ လျှို့ဝှက်အတွဲလေးတစ်တွဲ ဖြစ်လာတယ်။ ဘယ်သူမှ မသိအောင် ရည်းစားထားရတဲ့ ကိစ္စက ရုပ်ရှင်တွေထဲကလိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းမနေဘူး။
အမူအရာတွေ တစ်မျိုးဖြစ်မနေအောင် ထိန်းသိမ်းရတာကတစ်မျိုး၊ ခိုးပြီးချိန်းတဲ့ အချိန်လေးမှာလည်း လူမမိအောင် ရှောင်နေရတာက တစ်မျိုးနဲ့.... ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတယ်ဆိုရင်တောင် သူများပစ္စည်းခိုးနေရသလို စိတ်လှုပ်ရှားရတာမျိုးကြီး....။ စိုင်းအယ်ဘုန်းကတော့ မသိပေမယ့် ဇေယျာကိုကိုကတော့ အဲ့ဒီလို စိတ်လှုပ်ရှားမှုမျိုးကို သိပ်ပြီးသဘောမတွေ့ဘူး။
ကြာလာရင် သူ့မှာပါ နှလုံးရောဂါရလာနိုင်တယ်။
အခုတောင် ချယ်ရီမေရဲ့ မျက်လုံးမှေးမှေးတွေကို
နေ့စဥ်နဲ့အမျှ ရင်ဆိုင်နေရတာနဲ့တင် အောက်ဆီဂျင်တွေ တော်တော်ဆုံးရှုံးနေပြီ။"ငါ့ကိုမှန်မှန်ပြော... နင် ရည်းစားရနေပြီမလား ယျာကိုကို"
ချယ်ရီမေရဲ့သိနိုင်စွမ်းကတော့
အကြားအမြင်ဆရာမ လုပ်ဖို့တောင်ကောင်းတယ်။ ဒီလိုအတိအကျကြီး ပြောချလိုက်ချိန်မှာ ဇေယျာကိုကိုလည်း အနည်းနဲ့အများတော့ တုန်လှုပ်မိတယ်။ Computer Screenကို စိုက်ကြည့်နေပေမယ့် သစ်သားတုံးတွေ ပြိုကျသွားတာ၊ ဝက်စိမ်းလေးတွေ တလိမ့်လိမ့် ဖြစ်သွားတာကို သူမမြင်နိုင်ဘူး။ ချယ်ရီမေကို ဘာပြန်ပြောရင်ကောင်းမလဲဆိုတာကိုဘဲ အသည်းအသန် တွေးနေခဲ့မိတယ်။ အမြဲတမ်း သူ့ရဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် ဖြစ်ခဲ့တဲ့ သူငယ်ချင်းကို ဖုံးကွယ်ထားမိတဲ့အတွက် အပြစ်ရှိသလို ခံစားရပေမယ့် ဘာမှလည်း လုပ်မရပြန်ဘူး။ "မင်း တစ်ယောက်ယောက်ကို ပြောလိုက်တာနဲ့ ငါတို့ပြတ်ပြီမှတ်"လို့ ခြိမ်းခြောက်ခံထားရတာမျိုးသာ
မရှိခဲ့ရင် သူ ဝမ်းသာအားရနဲ့ ကြွားပြီးတာ ကြာလှပြီပဲ။
YOU ARE READING
Falling In Love With My Bomb(U/Z)