(15) "မင်းကမှ တကယ့်ငတုံး"

661 69 26
                                    

ဘာတွေဖြစ်သွားခဲ့တာလဲ...။

သူ အိပ်မက်တစ်ခုထဲကို ရောက်သွားခဲ့တာလား။ အဲ့ဒီအိပ်မက်ထဲကို ရောက်သွားပြီးတော့မှ အိပ်မက်ကနေ သူ့ကို ကန်ထုတ်ချင်လို့ မူးလဲသွားတဲ့ မြင်ကွင်းတစ်ခုကို မြင်ယောင်ခဲ့ရတာလား။ အဲ့ဒီပုံရိပ်နဲ့ အဆက်ပြတ်သွားပြီးတော့မှ အခုလို ပြန်နိုးလာခဲ့တာလား။

ဘာပဲပြောပြော ပြိုင်ပွဲစခါနီးပြီလို့ သိထားပြီးမှ နောက်တစ်ခေါက်ပြန်နိုးလာရသလို အဖြစ်မျိုးနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဘယ်သူမဆို ဇေယျာကိုကိုလို ပေါက်ပေါက်ရှာရှာတွေ​ တွေးခဲ့မိကြမှာပါပဲ။

နားနေခန်းမှာ သူ စိုင်းအယ်ဘုန်းနဲ့
နှစ်ယောက်တည်း အတူတူရှိခဲ့တယ်။ စိုင်းအယ်ဘုန်းက
သူ့ကို နက်ကတိုင်ချည်ပေးတဲ့အပြင် တစ်ခုခုစားဖို့ကိုပါ ဂရုတစိုက်ပြောပေးနေခဲ့သေးတယ်။ ပြီးတော့ ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားပြီး စိုင်းအယ်ဘုန်းက သူ့ပခုံးကို လာဖက်တယ်။ နောက်တော့ ကန်တင်းကို အတူတူ ရောက်လာခဲ့ကြတယ်။ အစ်မစောအယ်နှင်းဆီမှာ ကြည့်ကောင်းတယ်လို့ အပြောခံခဲ့ရတဲ့အထိ ဖြစ်ခဲ့သမျှအားလုံးကို ဦးနှောက်က ရှင်းရှင်းလင်းလင်း မှတ်မိနေတယ်။

အဲ့ဒီနောက်ပိုင်းမှာရော....။
အဲ့ဒီနောက်ပိုင်းမှာ အိပ်မက်က တစ်ခန်းရပ်သွားခဲ့တာလား။
အခုရော ဘယ်အချိန်ရှိနေပြီလဲ။ ပြိုင်ပွဲအတွက် ပြင်ရဆင်ရဦးမှာ....။ နောက်ကျနေပြီဆိုရင်တော့
ငါ့ကို တစ်ယောက်ယောက် လာနှိုးမှာပေါ့။ အခု ဘယ်သူမှ လာမနှိုးတာ....။ အခန်းကလည်း တိတ်ဆိတ်နေတာပဲ။ ​မှောင်လည်းမှောင်နေတယ်ဆိုတော့ အစောကြီးပဲ ရှိသေးတယ်ထင်တယ်။

"အင်း...မောင်လေး သူနိုးလာရင် မမဖုန်းဆက်လိုက်မယ်နော်။ လုပ်စရာရှိတာ စိတ်ဖြောင့်ဖြောင့်လုပ်"

တိတ်ဆိတ်နေတာပဲဆိုမှ တစ်ယောက်ယောက်
ဖုန်းပြောသံကို ကြားလိုက်ရတယ်။ အသံက မိန်းကလေးအသံ။ တိုးတိုးလေးကိုမှ နူးနူးညံ့ညံ့လေး...။ သူတို့အဖွဲ့ထဲမှာ မိန်းကလေးဆိုလို့ ချယ်ရီမေနဲ့ အစ်မစောအယ်နှင်းပဲရှိတာ။ ချယ်ရီမေကတော့ မွေးကတည်းက အာပြဲစိန်မို့ ဆယ်ဘဝလောက် ကြိုးစားရင်တောင် ဒီလိုအသံမျိုးရဖို့ မဖြစ်နိုင်ဘူး။

Falling In Love With My Bomb(U/Z)Where stories live. Discover now