အပိုင်း - ၂၃

2.3K 287 50
                                    

Unicode

"တော်သေးတာပေါ့ကလေးရယ် .. တစ်ကယ်တော်သေးတာပေါ့"

ထယ်ယောင်းရဲ့လက်ဖဝါးလေးကိုဆုပ်ကိုင်ကာ ရှိုက်ကြီးတငင်ငိုနေတဲ့အဒေါ်ကြီး။

အားအင်ဖြည့်စရာ လက်ဖဝါးတစ်ဖက်ပျောက်ဆုံးနေတဲ့သူ့မှာတော့ ကိုယ့်လက်တွေကိုပဲ အချင်းချင်းပြန်ဆုပ်ကိုင်ထားရင်း ရင်ပူစရာအခိုက်အတန့်တစ်ခုကို ဖြတ်ကျော်နေရပါတယ်။

"အများကြီးပိန်သွားတာပဲ"

မျက်နှာလေးကိုတစိမ့်စိမ်ငေးရင်း မျက်ရည်တွေပိုတိုးလို့ ပြုတ်ကျလာတဲ့အခိုက်၀ယ် အားနာရှက်ရွံ့စိတ်တွေကြီးစိုးလာပြီး ခေါင်းပြန်မမော့နိုင်တော့။

အရင်တုန်းကရှိခဲ့ဖူးတဲ့ ပါးဖောင်းဖောင်းလေးတွေဟာ အမှန်တစ်ကယ်ကို ဂတ်စ်လျော့သွားတဲ့ ပူဖောင်းအသွင် ပိန်ချုံးကျသွားချေပြီ။

ဆစ်ခနဲကိုက်တတ်လာတဲ့ရင်က အောင့်မျက်မှုနဲ့အတူ တာ၀န်မကျေနိုင်ခဲ့ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိစိတ်တွေကိုပါ ထပ်ပေါင်းထည့်ထားတော့တယ်။

တတ်နိုင်သလောက်အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ချစ်ပေးခဲ့ပေမဲ့လည်း သူ့လက်ထဲမှာတစတစယုတ်လျော့သွားတဲ့ထယ်ယောင်းကိုမြင်ရတာဟာ နာကျင်စရာကောင်းပြီး ရှက်ဖွယ်ဖြစ်သော အမှန်တရားတစ်ရပ်ပါပင်။

"ဒေါ်ဒေါ်တို့က ကူရယ်ကိုဘယ်လိုလုပ်ရောက်လာတာလဲ"

ထယ်ယောင်းရဲ့အသံလှိုင်းလုံးငယ်တွေက ထင်ထားတာထက်ပိုစွာ မှေးမှိန်ဖျော့တော့လွန်းနေတယ်။

"တိုကျိုမှာဗုံးတွေကြဲတော့ ကံကောင်းစွာနဲ့ပဲ ဒေါ်ဒေါ်နဲ့ သားဖိုးဖိုးက အသက်ရှင်ကျန်ရစ်ခဲ့တယ်လေ။ အဲဒါကြောင့် ရှိသမျှပစ္စည်းလေးတွေကိုသယ်ပိုးပြီး ကူရယ်ကိုပြောင်းလာတာ .. ဒေါ်ဒေါ် သားကို တတ်နိုင်သလောက်လိုက်ရှာပါသေးတယ်။ ဒါပေမဲ့ လုံး၀မတွေ့ခဲ့ဘူးကွယ် .. အခုမှပဲတိုက်တိုက်ဆိုင်ဆိုင်"

မိသားစုရေးရာပြသနာထဲမှာ သူဟာ ဘေးလူသာသာ။

ကြောက်ရွံ့စိတ်တွေက မြင့်တက်လာတဲ့ဒီရေစီးကြောင်းကြား မလူးသာမလွန့်သာရှိနေရတော့တယ်။

Destiny In Tide (Complete)Where stories live. Discover now