အပိုင်း - ၄၁

1.7K 96 4
                                    

" ဒေါက်...ဒေါက်..."

" လာပြီဗျို့...လာပြီ..."

ကျက်လုဆဲဆဲဟင်းအိုးကိုလိုအပ်တဲ့အရာတွေဖြည့်ထည့်နေရင်းနဲ့အခန်းဝဘက်ဆီကိုသူလှည့်ကာအော်လိုက်၏။အခန်းတံခါးကိုမဖွင့်ပေးမချင်းဆက်တိုက်ခေါက်နေခြင်းပင်...။ဘေးအခန်းတွေကိုအားနာဖို့အလွန်ကောင်း၏။ထိုအခါသူ့အသံကိုအခန်းအပြင်ကလူကကြားသွားပုံရသည်။တံခါးကိုဆက်မခေါက်တော့ပေ...။

သို့နှင့်သူလည်းဟင်းအိုးကိုခွင်ပေါ်ကနေချပြီးတာနဲ့မီးဖိုခန်းထဲကနေမနှေးမမြန်ခြေလှမ်းတို့နဲ့အခန်းတံခါးဆီဦးတည်လိုက်၏။တံခါးကိုဖွင့်ဖို့လုပ်လိုက်စဉ်ခေါင်းထဲကိုတိုးဝင်လာတဲ့အတွေးတစ်စကြောင့်သူတဒင်္ဂမျှငြိမ်သတ်သွားမိသည်။

အပြင်ကလူကကိုနေညိုမဖြစ်နိုင်ပေ ...။ကိုနေညိုဆိုရင်ဒီလိုအခြေအနေမျိုးမှာအခန်းတံခါးကိုသူ့ဖာသာဖွင့်ပြီးဝင်လာမှာအသေအချာပင်...။

တစ်ဖက်သားစိတ်အနှောင့်အယှက်ဖြစ်ရလောက်တဲ့အထိရိုင်းရိုင်းစိုင်းစိုင်းပြုမူမှာမဟုတ်ပေ...။

ဒါဆိုအပြင်ကလူကဘယ်သူများလဲ...။

ထိုသို့တွေးမိလေတော့တံခါးလက်ကိုင်ပေါ်ရောက်နေတဲ့လက်ကိုအသာပြန်ရုတ်လိုက်မိလေသည်။လက်ရှိအခြေအနေကိုတဒင်္ဂသူမေ့လျော့သွားခြင်းပင်...။အရာရာကိုချင့်ချိန်ပြီးပြုမူနေထိုင်နေရတဲ့ဒီအခိုက်အတန့်မှာဘယ်အရာကိုမှလက်လွယ်စံပယ်လုပ်လို့မရပေ...။အရာရာကိုသတိကြီးကြီးထားရပေမည်။

" ဘယ်သူလဲ..."

" Delivery ပါဗျ..."

Delivery ဆိုတော့ပစ္စည်းပို့တဲ့လူပေါ့...။

အပြင်ကလူကြောင့်သူ့စိတ်တွေဇဝေဇဝါဖြစ်သွားရသည်။ဘာပစ္စည်းမှသူမမှာထားမိပေ...။မမှာထားပဲနဲ့ပစ္စည်းပို့တဲ့လူကဘာကြောင့်အခန်းရှေ့ကိုရောက်နေရသနည်း။

'သူမမှာထားဘူး'ဆိုတော့ကိုနေညိုမှာထားတာများလား...။

မဖြစ်နိုင်ပေ...။

ကိုနေညိုကပစ္စည်းတွေကို Delivery နဲ့လှမ်းပြီးမှာတတ်တဲ့အကျင့်မရှိပေ...။ဒါကိုသူကောင်းကောင်းကြီးသိသည်။ဝယ်စရာရှိရင်သူကိုယ်တိုင်အပြင်ကိုထွက်ဝယ်တတ်တာချည်းသာ...။

Kyar Yoe ( Completed )Where stories live. Discover now