အပိုင်း - ၄၆ ( ဇာတ်သိမ်းပိုင်း )

6.7K 144 9
                                    

⚠️ ( ဤအပိုင်းတွင်ပါဝင်တော့ Plot အချို့ကိုနားမလည်ပါက အပိုင်း - ၃၇ ကိုဖတ်ပေးပါ )

( အထူးသဖြင့် ကြာရိုးနဲ့ယဇ် တို့နှစ်ဦးတွေ့ဆုံခန်းကိုဖတ်ပါရန်...)

" ဟင်...မင်း...မင်း..."

အံ့ဩစိတ်ကရင်ကိုအတိုင်းအဆမဲ့သွားစေသည်။ပြီးတော့အံ့ဩခြင်းနဲ့အတူအရာအားလုံးကိုလည်းသူသဘောပေါက်နားလည်သွားခဲ့လေတော့သည်။သို့သော်သူ့ရဲ့သိနားလည်ခြင်းတို့ကအချိန်နှောင်းသွားခဲ့လေပြီ...။ဘာမှလုပ်လို့မရတော့ပေ...။

သူ့ဘဝမှာတစ်ကြိမ်တစ်ခါမှမဖြစ်တည်ဖူး၊မခံစားဖူးခဲ့တဲ့ရှုံးနိမ့်ခြင်း၊နာကျင်ခြင်းတို့ကိုဒီကောင်လေးကအကွက်ကျကျနဲ့ဖန်တီးခဲ့ခြင်းပင်...။'အားမတန်လို့မာန်လျှော့ပြီးသူ့ခြေထောက်ကိုလာပြန်ဖက်တွယ်တယ်'လို့သူထင်မှတ်ခဲ့မိသည်။တကယ်တော့ထိုသို့မဟုတ်ခဲ့ပေ...။သူ့ဘဝကိုတစ်စစီခြေမွဖို့အတွက်ဒီကောင်လေးကမာယာတွေတပွေ့တပိုက်နဲ့သူ့အနားကိုပြန်ပြီးချဉ်းကပ်ခဲ့ခြင်းသာဖြစ်သည်။

ထင်မှတ်မထားခဲ့ပေ...။

လုံးဝကိုထင်မှတ်မထားခဲ့ခြင်းပင်...။

'အရာအားလုံးကိုပြည်ဖုံးကာချပြီးအရင်လိုပြန်နေကြရအောင်'လို့ဆိုခဲ့တာဒီကောင်လေးမှဟုတ်ပါလေစ...။

ရန်သူကရန်သူပီသခဲ့ပေသည်။

သူကသာတုံးအစွာနဲ့ဒီကောင်လေးပြောသမျှကိုယုံကြည်မိခဲ့ခြင်းပင်...။ထိုယုံကြည်မှုတွေကနောက်ဆုံးတော့ဓားတစ်စင်းအဖြစ်အသွင်ပြောင်းလဲပြီးသူ့ဘဝကိုအစိပ်စိပ်အမြွှာမြွှာပိုင်းဖြတ်လေတော့သည်။

ခပ်ထေ့ထေ့အပြုံးတစ်ပွင့်ကိုနှုတ်ခမ်းထက်မှာဖွဲ့သီပြီးလူကိုပြီတီတီစိုက်ကြည့်နေ‌တဲ့ဒီကောင်လေးကသူ့အနေနဲ့'ဒီပွဲမှာအနိုင်ရတဲ့လူကသူပဲ'လို့ကိုယ့်ကိုယ်ကိုထင်မှတ်နေချိန်မှာနောက်ကွယ်ကနေပြီးဘယ်လောက်တောင်ဟားတိုက်ရယ်မောနေလိမ့်မလဲ...။

ထို့သို့တွေးမိလေတော့အနည်ထိုင်နေတဲ့ဒေါသတို့ကိုဒီရေလှိုင်းများလိုတရိပ်ရိပ်ထိုးတက်လာကြ၏။ထိုအခါလှုပ်ရှားနေတဲ့စိတ်တို့ကပိုပြီးလှိုင်းထန်သွားရတော့သည်။

Kyar Yoe ( Completed )Donde viven las historias. Descúbrelo ahora