အပိုင်း - ၃

4.8K 266 11
                                    

" ဝေါ...ဝရော...ဂျိန်း..."

ရုတ်တရက်ပြိုဆင်းလာတဲ့မိုးစက်၊မိုးပေါက်တို့ကအဝတ်တွေရုတ်နေတဲ့ဒေါ်ရင်မေရဲ့ကိုယ်ပေါ်ကိုအလုအယက်ခုန်ပေါက်ဆင်းလာကြသည်။မိုးနဲ့အတူလေကလည်းကပ်ပါလာခဲ့တာကြောင့်ဒေါ်ရင်မေကတန်းမှာကျန်နေသေးတဲ့အဝတ်တွေကိုကမန်းကတန်းရုတ်လိုက်၏။

" အမလေး...အမလေး...အကုန်လုံးစိုကုန်ပါပြီတော်..."

အခြေအနေက,ကတိုက်ကရိုက်ဆန်လွန်းလှသည်။သူမအ‌နေနဲ့'မိုးရွာမယ်'ဆိုတာကိုကြိုတင်ခန့်မှန်းမိပေမယ့်အခုလို'ရုတ်တရက်ကြီးရွာချလာမယ်'လို့မထင်တဲ့အတွက်အဝတ်ကိုအေးအေးဆေးဆေးရုတ်နေမိခြင်းပင်...။အခုတော့အစိုးမရတဲ့ကိုရွှေမိုးကြောင့်လက်နှစ်ဖက်ကဆိုင်းသမားလက်လိုချာလပတ်ကိုရမ်းနေရ၏။လက်တစ်ဖက်ကရုတ်ထားတဲ့အဝတ်တွေကိုထွေးပိုက်ထားရပြီး၊ကျန်တစ်ဖက်ကလှမ်းထားတဲ့အဝတ်တွေမိုးရေမစိုသွားအောင်အသည်းအသန်ရုတ်နေရသည်။

ထင်းတွေကိုအချိန်မှီခုတ်ပြီးသွားလို့တော်သေး၏။မဟုတ်လို့ကတော့သူမရဲ့အဖြစ်က'မယ်တော်ပျံလည်းမမှီ၊ဘုန်းကြီးပျံလည်းမမှီ'နဲ့ကြားထဲကနေမျောက်သစ်ကိုင်းလွှတ်နေမှာအသေအချာပင်...။

မိုးရွာနေတယ်ဆိုလို့...။

ကြည့်စမ်း...။

သူမမေ့နေတာ...။

သားလေးကအခုထိပြန်မလာသေးဘူးပဲ...။

​အဝတ်ရုတ်နေရင်းတန်းလန်းသားဖြစ်သူကြာရိုးအိမ်မပြန်လာသေးတာကိုဒေါ်ရင်မေရုတ်တရက်သတိရသွားတော့သည်။မိုးရွာမှာစိုးတဲ့အတွက်ရှိသမျှအလုပ်ကိုကုန်းရုန်ပြီးလုပ်နေတာ၊သားဖြစ်သူကိုတောင်မေ့နေမိ၏။

" မိုးကရွာနေပြီ...ဒီကောင်လေးအခုထိအိမ်ပြန်မလာသေးပါလား...ဒုက္ခပါပဲ..."

အခုထိပေါ်မလာသေးတဲ့သားဖြစ်သူကြောင့်ခြံဝကိုမျှော်ကြည့်ရင်းဒေါ်ရင်မေမချိတင်ကဲရေရွတ်လိုက်မိ၏။မိုးက'တာကျိုး'သလိုသည်းကြီး၊မည်းကြီးကိုရွာနေတာဖြစ်သည်။အရှိန်အဟုန်ပြင်းပြင်းနဲ့သည်းသည်းမည်းမည်းကိုရွာချနေတဲ့မိုးကြောင့်ပတ်ဝန်းကျင်တစ်ခွင်လုံးလည်းမှုန်မှိုင်းကာဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရတော့ပေ...။

Kyar Yoe ( Completed )Donde viven las historias. Descúbrelo ahora