အပိုင်း - ၁၃

2.9K 173 13
                                    

အခန်းတစ်ခုလုံး Typing ရိုက်သံတွေနဲ့သာပြည့်နှက်နေ၏။ထိုအသံများရဲ့အဓိကစေ့ဆော်ရာဖြစ်တဲ့ရှည်မျောမျောလက်ချောင်းလေးများကစက္ကန့်တို့နဲ့အပြိုင်ပြေးလွှားလှုပ်ခတ်နေသော်လည်းတစ်ယောက်သောသူရဲ့ထူထဲထဲမျက်ခုံးတန်းအောက်ကမီးခိုးရောင်မျက်ဝန်းနှစ်ဖက်ကတော့ကျောက်ချထားတဲ့ရွက်လှေတစ်စင်းလို Computer ပေါ်မှာသာတစ်သတ်မှတ်တည်းကျရောက်လို့နေသည်။

ထိုစဥ်...။

" ကျွီ..."

Typing ရိုက်သံကိုရုတ်တရက်ဝါးမြိုလိုက်တဲ့ခပ်ကြမ်းကြမ်းအခန်းတံခါးဖွင့်သံကြောင့် Computer Keyboard ထက်မှာပြေးလွှားသက်ဝင်လို့နေတဲ့လက်နှစ်ဖက်ကိုသူရပ်တန့်ပစ်လိုက်၏။ပြီးနောက် Computer ပေါ်မှာစုပြုံကျရောက်နေတဲ့အာရုံစူးစိုက်မှုတို့ကိုရုတ်သိမ်းကာအခန်းဝဆီသူလှည့်ကြည့်လိုက်တဲ့အခါ...

" ဟင်...မင်း..."

မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ရင်ကိုအပြင်းဆုံးအရှိန်နဲ့ဝင်ဆောင့်၏။နာကျင်ရလွန်းလို့ခံစားမှုကအသက်မဲ့သွားသလိုပင်...။အရှင်းဆုံးဆိုရသော်ဤခံစားမှု၊ဤနာကျင်မှုကတစ်စုံတစ်ယောက်နဲ့ပတ်သတ်ပြီးဖြစ်တည်လာခဲ့ခြင်းမျိုးသာ...။

တစ်စုံတစ်ယောက်...။

တစ်နည်းဆိုရသော်သူ့ရဲ့အရင်းနှီးဆုံးသူစိမ်း...။

ထိုအရင်းနှီးဆုံးသူစိမ်းကသူ့အခန်းဝမှာတောင့်တောင့်ကြီးရပ်နေတဲ့ကောင်လေးပင်ဖြစ်သည်။တစ်နည်းအားဖြင့်သူမမြင်ချင်၊မတွေ့ချင်တဲ့ကောင်လေး...။

သူအရမ်းမုန်းတဲ့ကောင်လေး...။

မမြင်ချင်၊မတွေ့ချင်တဲ့လူကိုရုတ်တရက်တွေ့လိုက်ရတဲ့အတွက်သူ့တစ်ကိုယ်လုံးအေးစက်ကာတောင့်တင်းသွားရတော့သည်။ဒါ့အပြင်ထိတ်လန့်ခြင်းမမည်တဲ့စိုးရွံ့မှုကြောင့်သူ့ရဲ့မျက်ဝန်းအိမ်နှစ်ဖက်ကပြူးကျယ်ကာဝိုင်းစက်သွားရ၏။အံ့ဩလွန်းလို့ထိုင်နေရင်းကနေဝုန်းခနဲ့ထရပ်လိုက်မိတဲ့အထိပင်...။

ဤလူသားနဲ့ပတ်သတ်တိုင်းသူသည်သူမဟုတ်တော့သလိုပင်...။

ဦးထုပ်အနက်ရောင်ကိုခပ်ငိုက်ငိုက်ဆောင်းထားတဲ့ထိုကောင်လေးသည်အခန်းဝကနေသူ့ကိုစူးစူးရှရှစိုက်ကြည့်လို့နေ၏။ဓားတစ်စင်းလိုသူ့ရင်ကိုထိုးဖောက်မွှေနှောက်နေတဲ့ထိုကောင်လေးရဲ့အကြည့်စူးစူးတွေကြောင့်လူကကူရာမဲ့သလိုခံစားရသည်။ထို့ကြောင့်ဒူးမထောက်လက်မမြှောက်ပဲမသိမသာလေးလည်စင်းပေးလိုက်တဲ့အနေနဲ့ကောင်လေးရဲ့စူးရှပြင်းထန်လွန်းလှတဲ့အကြည့်တွေကိုရင်မဆိုင်ရဲစွာသူ့ရဲ့မီးခိုးရောင်မျက်ဝန်းနှစ်ဖက်ကိုအောက်သို့ငုပ်လျှိုးရှောင်လွှဲလိုက်မိသည်။

Kyar Yoe ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin