အပိုင်း - ၂၉

1.6K 110 1
                                    

လူတစ်ရပ်ထက်မကမြင်မားတဲ့အနက်ရောင်ခြံတံခါးကြီးကပွင့်သွားတဲ့အခါပန်းရောင်စုံဖူးပွင့်ဝေဆာနေတဲ့ခြံဝန်းကြီးကိုအံ့ဩဖွယ်သူမြင်တွေ့လိုက်ရသည်။အံ့ဩလွန်းလို့အိန္ဒြေပင်မဆည်နိုင်လောက်အောင်ကလေးတစ်ယောက်လိုကားထဲကနေသူချောင်းကြည့်မိ၏။ကာလာစုံပန်းပင်များနဲ့အစိမ်းရောင်ကမ္ဗလာမြက်ခင်းပြင်ကအရမ်းကိုပနံသင့်လှပေသည်။

မနှေး၊မမြန်အရှိန်နှုန်းနဲ့မောင်းနှင်နေတဲ့ကားကြောင့်အရာအားလုံးကိုသဲသဲကွဲကွဲသူမြင်တွေ့နေရသည်။အရောင်အသွေးစုံလှတဲ့ပန်းဥယျာဉ်ကြီးကိုငေးမောကြည့်ရင်းအသက်ရှူဖို့ကိုပင်သူမေ့နေမိသည်။ပန်းဥယျာဥ်ကြီးရဲ့အဆုံးမှာရှိတဲ့တောင်ကုန်းတစ်ခုပေါ်မှာတော့နီညိုရောင်စံအိမ်ကြီးကတခမ်းတနားမင်းမူနေလေသည်။အချွန်အတက်တို့နဲ့ပုံဖော်ဖန်တီးထားတဲ့အတွက်စံအိမ်ကြီးကဒဏ္ဍာရီပုံပြင်တွေထဲကရဲတိုက်ကြီးနဲ့ဆင်တူနေသယောင်ယောင်...။

ငယ်စဉ်အခါကညအိပ်ရာဝင်တိုင်းအမေပြောပြခဲ့ဖူးတဲ့ပုံပြင်တွေထဲက'ပန်းဥယျာဉ်နဲ့ရဲတိုက်ကြီး'ကိုမျက်ဝါးထင်ထင်သူမြင်တွေ့နေရလေပြီ...။

ဒီဇိုင်းဆန်းဆန်းနဲ့အရောင်အသွေးကြွရွနေတဲ့ထိုစံအိမ်ကြီးထဲမှာသူနေရမယ်တဲ့လား...။

ကိုသက္ကရာဇ်ထင်ထင်ပိုင်ဆိုင်တဲ့ချမ်းသာကြွယ်မှုတွေကိုဒေါ်လေးရွတ်ပြနေစဉ်တုန်းက'ဟုတ်နိုင်ပါ့မလား'ဆိုတဲ့အတွေးမျိုးသူခဏခဏတွေးမိဖူး၏။အခုတော့ဒေါ်လေးပြောတဲ့စကားတွေကိုခြွင်းချက်မရှိသူယုံကြည်သွားလေပြီ...။ကိုသက္ကရာဇ်ထင်ထင်ရဲ့ချမ်းသာကြွယ်ဝမှုတွေကဒေါ်လေးပြောတာထက်ကိုပင်အလွန်ကိုများပြားနေသေးပုံရသည်။

မြင်မြင်သမျှအရာအားလုံးကိုမျက်တောင်မခတ်ငေးမောကြည့်ရင်းအတွေးထဲမှာနစ်ဝင်နေတုန်းတရွေ့ရွေ့မောင်းနှင်နေတဲ့ကားကတုံ့ခနဲ့ရပ်တန့်သွားတာကိုသူခံစားမိလိုက်သည်။သို့နှင့်အကြည့်တို့ကိုအရှေ့ကမြင်ကွင်းဆီပို့မိတော့ကားကစံအိမ်ကြီးနဲ့သွယ်တန်းထားတဲ့လှေကားအဝမှာရပ်လိုက်ခြင်းပင်...။

" ဆင်းလို့ရပါပြီ..."

ကိုသက္ကရာဇ်ရဲ့တပည့်ကကသူ့ဘက်ခြမ်းမှာရှိတဲ့ကားတံခါးကိုဖွင့်ပေးရင်းထိုသို့ဆိုလာ၏။ထိုအခါသူလည်းဘေးမှာချထားတဲ့အဝတ်အစားအိတ်ကိုဆွဲယူပြီးကားပေါ်ကနေဆင်းလိုက်သည်။ထိုအခိုက်ပန်းဥယျာဉ်ကြီးကိုဖြတ်သန်းတိုက်ခတ်လာတဲ့လေနုအေးလေးများကသူ့တစ်ကိုယ်လုံးကိုလာရောက်ထိတွေ့ကျီစယ်ကြကုန်၏။တစ်ဒင်္ဂရှူရှိုက်လိုက်မိတဲ့သင်းပျံ့ပျံ့ပန်းရနံ့တို့ကြောင့်ပင်းပန်မှုတွေကအဝေးကိုလွင့်စင်သွားရတော့သည်။

Kyar Yoe ( Completed )Où les histoires vivent. Découvrez maintenant