" လာနော် လာနော်၊ ရွေးထားမယ်နော်၊ ရွေးတတ်ရင်အကောင်းတွေရမယ်နော်။ တစ်ထည်မှတစ်ထောင်ထဲရယ်။ တစ်ထောင်တည်းဗျို့တစ်ထောင်တည်း။ တန်မှတန်တွေမို့ အပြေးဝယ်ထားမှရမယ်နော် "
ဆိုင်ရှေ့မှာအပုံထည်ဝင်ရွေးနေကြသူတွေအများကြီးပေမဲ့ နေမင်းခန့်အော်တာရပ်လို့မဖြစ်မှန်းသိတယ်။ငါးရက်တိုင်တိုင်ကျင်းပမဲ့ဒီဘုရားပွဲက ဒီနယ်တကြောမှာတော့ နောက်ဆုံးဘုရားပွဲဆိုရင်လည်းမမှားဘူး။ဒီတော့ ဘုရားပွဲလာကြသူတွေကို ဒီအပုံထည်တွေများများရောင်းရမှဖြစ်မယ်။
ဒါ့ကြောင့်မို့ လက်ကလည်း ဝယ်သူတွေရွေးထားတဲ့အထည်ကိုကျွတ်ကျွတ်အိတ်ထဲထည့်ပေးရင်း၊ပိုက်ဆံကိုယူရင်း၊ပြန်အမ်းစရာရှိတာအမ်းရင်း ပါးစပ်ကလည်းအော်နေရတာ။
ဒီအထည်တွေကို တချို့ကတော့ဘေထုပ်တဲ့။တချို့ကတော့အပုံထည်တဲ့။ဒီရွာကလူတွေကတော့ဖျာပုံထည်တဲ့။ဘာလို့လဲမေးကြည့်တော့ဖျာပေါ်မှာပုံရောင်းကြလို့ဖျာပုံထည်ခေါ်သတဲ့။
နေမင်းခန့်မှာသဘောကျပြီးရယ်လိုက်ရတာ။ကျွန်တော်ကမိုးကာပေါ်မှာပုံရောင်းတော့မိုးကာထည်လို့ခေါ်မှာလားလို့ခေါ်မှာလားဆိုတော့အပုံထည်လာဝယ်သူတွေလည်းရယ်ကြလို့။
ပွဲအစနေ့ဆိုတော့ ပွဲကြည့်လာသူတွေကတော်တော်များတာ။လူတွေများတော့ဖုန်ကတထောင်းထောင်း။ဒါပေမဲ့ လူတွေကတော့ဖုန်မွမ်းတာကိုမမှုနိုင်ဘဲပွဲဆိုတဲ့အရှိန်နဲ့လွင့်ပျံနေတဲ့ဖုန်မှုန့်တွေကြားမှာ လူးလာခတ်နေကြတုန်း။
အကြော်ဆိုင်လေးတွေ၊မုန့်ဟင်းခါးရောင်းတဲ့ဆိုင်ကလေးတွေ၊ကွမ်းယာဆိုင်ကလေးတွေမှာ လူမပြတ်သလို အရုပ်ရောင်းတဲ့ဆိုင်ကလေးမှာလည်းကလေးတွေဝိုင်းလို့။ပွဲခင်းဆီကဧည့်ခံတီးနေတဲ့ဆိုင်းသံနဲ့အတူ ပွဲလာသူတွေလည်းရွှင်မြူးတက်ကြွလို့။
နေမင်းခန့်တို့ကဆယ့်နှစ်ပွဲဈေးသည်တွေ။ဆယ့်နှစ်ပွဲဈေးသည်ဆိုလို့ တန်ခိုးကြီးဘုရားပွဲတွေမှာ ဆိုင်ကြီးကနားကြီးနဲ့တိုးနိုင်တာမျိုးတော့မဟုတ်ပါဘူး။
တပို့တွဲ၊တပေါင်းရောက်လာတဲ့အခါမှသာ ရွာဘုရားပွဲတွေလည်ရောင်းရတာမျိုးပါ။ပွဲမရှိတဲ့အချိန်တွေတော့ ရွာစဉ်ထိုးလည်ပြီးရောင်းပေါ့။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasiပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...