✍️ Unicode
" လောကီမင်္ဂလာအဖြာဖြာတွေထဲမှာ ဒီအာဝါဟ ဝိဝါဟဆိုတဲ့မင်္ဂလာကတော့……."
ဒီနေ့က အောင်မိုးနဲ့အေးသီတို့ရဲ့မင်္ဂလာပွဲ။ဘိသိက်ဆရာရဲ့အောင်မြင်ခန့်ညားတဲ့အသံဝါဝါက ဆောင်းဘောက်တွေထဲကခုန်ဆင်းပြီး မြတမာအနှံ့လျှောက်ပြေးနေကြတယ်။
နေမင်းခန့်ကတော့ဘိသိက်ဆရာရွတ်နေတာတွေကိုမကြားတစ်ချက်ကြားတစ်ချက်နဲ့။မင်္ဂလာဆောင်တာကို အိမ်ပေါ်ထိတက်ပြီး လာကြည့်ကြတဲ့သူတွေ၊အိမ်အောက်မှာသွားလာလှုပ်ရှားနေကြသူတွေကိုသာငေးကြည့်နေမိတယ်။
ဝက်သားအချိန်တစ်ရာ့ငါးဆယ်ချက်နဲ့ထမင်းကျွေးတဲ့ဒီမင်္ဂလာဆောင်က ကျိတ်ကျိတ်တိုးမဟုတ်တောင် တော်တော်စည်တယ်။အေးသီတို့အိမ်မှာ၊မင်္ဂလာမဏ္ဍပ်မှာ လူတွေဖွေးလို့။
မနက်စောစောသတို့သားနဲ့ အေးသီတို့အိမ်မင်္ဂလာဆောင်သွားကတည်းက လူတွေတဖွဲဖွဲရောက်လာကြတာ။သတို့သားက မင်္ဂလာဆောင်ဖို့သတို့သမီးအိမ်သွားတာကို လာကြည့်ကြတာတဲ့။သိန်းသုံးဆယ်တင်တောင်းတဲ့ဆိုတာက ဘေးရွာတွေမှာပါနာမည်ကြီးသွားတာကိုး။
မင်္ဂလာဆောင်သွားကြတော့ သတို့သားအရံလေးကရှေ့ဆုံးက။သတို့သားအရံနောက်က အရီးထွေးညိုကတော့ ယွန်းအုပ်ကြီးရွက်လို့။ဒီတစ်ခါ ယွန်းအုပ်ထဲမှာထည့်ထားတဲ့လက်ဖက်ကအရင်တစ်ခါလိုရိုးရိုးအတိုင်းထည့်ထားတာမဟုတ်ဘူး။
ဒီတစ်ခါလက်ဖက်ကငှက်ပျောဖက်နဲ့ထုပ်ထားတာ။ငှက်ပျောဖက်အနုစိမ်းစိမ်းလေးကိုချိုးပြီးလက်ဖက်ထည့်၊ငှက်ပျောဖက်ထုပ်လေးဖြစ်အောင် တုတ်ကလေးနဲ့ထိုးပြီး ထောင်ရက်ကလေးထည့်ထားတာ။
ငှက်ပျောဖက်စိမ်းစိမ်းလေးနဲ့ထည့်ထားတဲ့လက်ဖက်ထုပ်ကတစ်ထုပ်တည်းတောင်မဟုတ်ဘူး။ယွန်းအုပ်ကြီးထဲမှာ နှစ်ထုပ်တောင်။တစ်ထုပ်ကတောင်းလက်ဖက်တဲ့။တစ်ထုပ်ကဆောင်လက်ဖက်တဲ့။
အရီးထွေးညိုနောက်ကနေ ပိုက်ဆံတွေထည့်ထားတဲ့လင်ပန်းနဲ့ဆရာဝန်မလေး။ဆရာဝန်မလေးနောက်ကမှဘိုးညီ။ဘိုးညီနောက်ကမှ နေမင်းခန့်တို့မိသားစု။အဲဒီနောက်ကမှ သတို့သားအောင်မိုးနဲ့ဆိုင်က ကလေးတွေ၊ကာလသားတွေအဖွဲ့။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasyပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...