💕 - 37

593 33 0
                                    

✍️ Unicode

တဖြည်းဖြည်းမြင့်တက်လာတဲ့တောက်တက်လမ်းအောက်ကမြင်ကွင်းတွေကို အဘိုးအဘွားတွေက ကားမှန်ပြတင်းကနေတအံ့တဩနဲ့ငေးမောလို့။

ဒီလိုမြင်ကွင်းမျိုးတွေကိုတောမှာလည်းနေ့တိုင်း‌နီးပါးမြင်တွေ့နေရပေမဲ့ ဒီတစ်ခါတော့မြို့ပြရဲ့အလှပါစွက်လာတဲ့အခါ အမြင်ဆန်းသွားတော့တာကိုး။

အောက်မှာကျန်ခဲ့တဲ့ကွေ့ကွေ့ကောက်ကောက်လမ်းမကြီးတွေကို တစ်ယောက်နဲ့တစ်ယောက်လက်ညိုးထိုးပြရင်း မေ့မေ့မောမောတွေငေးကြည့်နေကြတာ။

စိမ်းစိမ်းစိုစိုသစ်ပင်တွေနဲ့မြင်ကွင်းကသူတို့အတွက်အထူးအဆန်းမဟုတ်ပေမဲ့ ‌မြွေလိမ်မြွေကောက်လိုကားလမ်းမကြီးကိုအပေါ်ကနေစီးမြင်ရတာကတော့ အခုမှသာမြင်ဖူးကြတာကိုး။

စစ်ကိုင်းကိုသွားမလား၊မေမြို့သွားမလားလို့ညတုန်းကမဲခွဲကြရင်း စစ်ကိုင်းသွားမဲ့သူမရှိပဲ မေမြို့သွားမဲ့သူတွေချည်းမို့ မန္တလေးကနေမေမြို့အတက်လမ်းမှာ ရှုခင်းတွေကိုငေးမောနေကြတာ အရင်နေ့တွေကလို စကားတောင်ဖောင်နေအောင်မပြောနိုင်ကြတော့ဘူး။

တစ်ယောက်ကလက်ညိုးထိုးပြလိုက်၊ဝိုင်းကြည့်လိုက်၊နောက်တစ်ယောက်ကလက်ညိုးထိုးပြလိုက်၊ကြည့်လိုက်ကြနဲ့မေမြို့ကိုရောက်သည်အထိငေးမောလို့မပြီးကြသေးဘူး။

မဟာအံ့ထူးကံသာကိုရောက်တော့လည်းဘုရားဖူးနေကြတာအကြာကြီး။ဘုရားဆင်းတုတော်ကြီးကိုမော့ကြည့်နေလိုက်ကြတာများ မျက်တောင်မှခတ်မိကြရဲ့လားမသိ။

" အိမ်ကဘုရားစင်မှာချိတ်ထားတဲ့ကားချပ်ထဲသာမြင်ဖူးတာကို အခုအပြင်မှာအရှင်မြင်ရတော့ ဖူးလို့ကိုမဝနိုင်ဘူးဗျား… "

အဘိုးတစ်ယောက်ကပြောလိုက်တာကိုကျန်တဲ့အဘိုးအဘွားတွေကပါဝိုင်းပြီးထောက်ခံကြလို့။အဘွားတစ်ယောက်ကဆို မေမြို့တက်ခဲ့ရတာမှန်ချက်တော် တဲ့။

မရောက်ဖူးခဲ့တဲ့နေရာတွေရောက်ပြီး တစ်သက်လုံးကမမျှော်လင့်ခဲ့တဲ့ဘုရားတွေဖူးနေကြရတာမို့ ရွှင်လန်းတက်ကြွပီတိဖြာနေကြတဲ့အဘိုးအဘွားတွေကြည့်ပြီး နေမင်းခန့်တို့လည်းဘယ်လိုတွေတောင်ကြည်နူးနေမိသလဲမသိ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now