💕 - 32

894 39 0
                                    

✍️ Unicode

အားပေးသံတွေဆူညံနေတဲ့ဘောလုံးဗိုလ်လုပွဲက ဘောလုံးကွင်းထဲရောက်နေသူတွေအားလုံးကိုဖမ်းစားထားနိုင်တယ်။ဘောလုံးကဂိုးထဲကိုဝင်သွားတိုင်းဝေးလို့အော်လိုက်တဲ့ညာသံတွေကအမိုးသာရှိရင်ပေါက်ထွက်သွားမတတ်ပဲ။

စာသင်ကျောင်းဝင်းထဲမှာပဲရှိတဲ့ဘောလုံးကွင်းထဲမှာလူတွေကအပြည့်အသိပ်။အော်ဟစ်အားပေးသံတွေ၊အိုးစည်လင်းကွင်းသံတွေကဘောလုံးကွင်းပတ်ပတ်လည်ကနှစ်ထပ်ကျောင်းဆောင်တွေကိုရိုက်ခတ်ပြီးဟိန်းထွက်လို့နေတယ်။

တစ်ဘက်ကိုနှစ်ဂိုးစီသွင်းပြီးသရေကျနေတာမို့ဘောလုံးပွဲကပိုစိတ်ဝင်စားစရာကောင်းနေတာဖြစ်မယ်။ညာတောင်ပံတိုက်စစ်နေရာမှာနေရတဲ့နေမင်းခန့်ကတစ်ဂိုးသွင်းထားပေမဲ့ ကိုယ့်ကိုယ်ကိုအားမရသေးဘူး။

မောင်ကိုယ်တိုင်လာပြီးအားမပေးတာကြောင့်ရောများစိတ်ထဲမှာမကျေမနပ်ဖြစ်မိနေသလားမသိဘူး။နေမင်းခန့်ဘောလုံးကန်မှာကိုမောင်ကသိပ်သဘောမတူခဲ့ဘူး။

တစ်ခုခုဖြစ်သွားမှာစိုးသတဲ့။ဘိုးညီရောဝိုင်းပြောပေးမှသာနေမင်းခန့်ကန်ခွင့်ရခဲ့တာ။ကန်ခွင့်ရလို့ရွာသားတွေနဲ့ဘောလုံးလေ့ကျင့်ကြတော့လည်းမောင်ကဂရုတစိုက်နဲ့ပါပဲ။

အားရှိမဲ့အစားအစာတွေကိုယ်တိုင်ချက်ကျွေးတာမျိုး၊နာတဲ့နေရာတွေကိုကိုယ်တိုင်ဆေးလိမ်းပေးတာမျိုးနဲ့ အစစအရာရာအောက်ခြေသိမ်းကစလုပ်ပေးပါတယ်။

တကယ်ကန်ကြတဲ့ဘောလုံးပွဲကိုတော့တစ်ခါမှလိုက်မကြည့်ဘူး။သူ့ရှေ့မှာနေမင်းခန့်တစ်ခုခုဖြစ်သွားတာမျိုးကိုမမြင်ရက်ဘူးတဲ့။ဒါပေမဲ့အခုလိုဗိုလ်လုပွဲအထိလိုက်မကြည့်ဘဲနေတာတော့နေမင်းခန့်စိတ်ထဲမောင်ကနည်းနည်းလွန်တယ်ထင်တာပဲ။

မြတမာနဲ့ကံကြီးခရွာနှစ်ရွာဗိုလ်လုပွဲကိုလာအားပေးကြသူတွေမနည်းဘူး။တချို့ဆိုဘောလုံးဗိုလ်လုပွဲကြည့်ဖို့အတွက်မနက်ကတည်းကလှည်းတွေနဲ့လာကြပြီးဆွေတွေမျိုးတွေအိမ်မှာထမင်းစားစောင့်ကြတာ။

ဘောလုံးကွင်းနားမှာဈေးရောင်းကြတဲ့ ဈေးသည်လေးတွေတောင်ရှိနေကြသေး။မီးခိုးတအူအူနဲ့ဈေးတန်းလေးမှာမုန့်စားရင်းနားနေကြသူတွေလည်းမနည်းဘူး။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now