💕 - 3

2.3K 84 13
                                    

✍️ Unicode

တပေါင်းလဆိုပေမဲ့ဆောင်းမနက်ခင်းတစ်ခုလိုပဲနှင်းမှုန်တွေဝေ့ဝဲကျနေတုန်း။နေလည်ဆိုရင်တော့အပူရှိန်များပြီဖြစ်ပေမဲ့မနက်ခင်းတွေကတော့ အနွေးထည်ရဲ့အကူအညီကိုရယူနေရဆဲ။ညတုန်းကလှုပ်ရှားသက်ဝင်ဆူညံနေခဲ့တဲ့ပွဲခင်းဟာအခုမနက်တော့တိတ်တိတ်ဆိတ်ဆိတ်။

ရွာထဲကကြက်တွန်သံတွေနဲ့စောစောထတောထွက်သူတွေရဲ့နွားမောင်းသံတွေလောက်ပဲပွဲဈေးခင်းကလေးဆီလွင့်ပျံလို့လာကြတယ်။အိပ်တန်းထကြပြီဖြစ်တဲ့ငှက်ကလေးတွေရဲ့စိုးစီစိုးစီအသံကလည်းမနက်ခင်းဂီတသံအဖြစ်နဲ့နေမင်းခန့်နားစည်ကိုလာရောက်ထိခတ်ကြတယ်။

ဒါတင်ဘယ်ကမလဲ။စောစောထပြီးထမင်းချက်နေတဲ့မောင့်ဆီက ဇွန်းသံခွက်သံတွေလည်းနေမင်းခန့်ကြားနေရတယ်။ထမင်းတွေဟင်းတွေကျက်မှသာမောင်ကအိပ်ရာနှိုးတတ်ပေမဲ့ မောင်အိပ်ရာထကတည်းက နေမင်းခန့်ပြန်အိပ်မပျော်တော့။

မောင်နဲ့နေမင်းခန့်ကြားမှာအိပ်ကြတဲ့သားနဲ့သမီးကိုစောင်သေချာခြုံပေးပြီးအိပ်ရာထလိုက်တယ်။ပိတ်ထားတဲ့ကဲလားကိုဖွင့်လိုက်တော့ဆိုင်ရှေ့ကိုရောက်နေကြတဲ့ ‌နေမင်းရဲ့ရောင်ခြည်နုနုတွေကနေမင်းခန့်ကိုနှုတ်ဆက်ကြတယ်။

နေမင်းခန့်တို့ဆိုင်ကခမ်းခမ်းနားနားမဟုတ်ဘူး။တစ်ဖက်ရပ်မိုးကာမိုးပြီးမိုးကာကာထားတဲ့ဆိုင်ကလေးက ကဲလားဖွင့်လိုက်ရင်ဆိုင်ဖြစ်သွားပြီး ကဲလားကိုပိတ်လိုက်ရင် အိပ်စရာနေရာဖြစ်သွားရော။အပုံထည်ရောင်းတာဆိုတော့ သေချာသိမ်းထုပ်နေရတာမျိုးမှမဟုတ်တာ။

ဆိုင်သိမ်းတော့မယ်ဆိုရင် မိုးကာထဲပုံထားတဲ့အထည်တွေကိုအလည်မှာစုပြီးမိုးကာနဲ့အုပ်ထားလိုက်ရုံကိုး။ဆိုင်ခင်းမယ်ဆိုတော့လည်း မိုးကာကိုဖြန့်ပြီး အထည်တွေကိုနည်းနည်းဖွထားလိုက်ရင်ဆိုင်ခင်းပြီးသားဖြစ်သွားရော။

မျက်နှာသစ်ဖို့ဆိုင်အနောက်ဘက်ကိုလျှောက်လာတော့ မောင်ကထမင်းရည်ငှဲ့လို့။နှင်းမှုန်တွေကျနေတဲ့ကွင်းပြင်ထဲက မီးဖိုနားမှာထိုင်ပြီးထမင်းရည်ငှဲ့နေတဲ့မောင်က နေမင်းခန့်မျက်လုံးထဲမှာကြည့်လို့ကောင်းနေပြန်တယ်။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now