✍️ Unicode
" ငါ့မြေးတွေကိုမင်းတို့ဘယ်လိုမွေးခဲ့ကြတာလဲကွဲ့…… "
အဖွားအေးညိုစကားအဆုံးမှာအဝတ်လျှော်နေကြသူအကုန်လုံးရဲ့အကြည့်တွေကနေမင်းခန့်ဆီရောက်လာကြပါရော။
" ဟုတ်တယ်ဟဲ့ ငါတို့လည်းဒါပဲသိချင်နေတာ… နင်းတို့ကလင်လင်တွေဆိုပေမဲ့ နင့်တို့ကိုယ်တိုင်ကလေးမမွေးနိုင်တာကိုတော့သိနေကြတာပဲလေ… ဒီတော့မင်းခန့်မောင်နဲ့မေခမောင်ကိုဘယ်လိုတွေမွေးဖြစ်ခဲ့ကြတာလဲပေါ့… ငါတင်မဟုတ်ဘူးနော်တစ်ရွာလုံးကသိချင်ကြတာတော်…… "
ဒီနေ့ကဆိုင်မှာဈေးဝယ်သူပါးတယ်။ဒီတော့အငြိမ်မနေတတ်တဲ့မောင်က ပုံထားတဲ့အပုံထည်ထဲမှာသူများမရွေးတော့ဘဲကျန်နေတဲ့အထဲကအင်္ကျီကောင်းတာလေးတွေကိုရှာရွေးတယ်။
ရွေးလို့ရလာတဲ့အင်္ကျီလေးတွေကိုလျှော်ဖွပ်မီးပူထိုးပြီးပြန်ရောင်းလေ့ရှိတာကိုး။အခုလည်း ပုံထားတဲ့အထည်တွေကြားမှာကောင်းတာလေးတွေရှာရွေးတော့တာပါပဲ။
ခဏကြာတော့ရွေးထားတဲ့အင်္ကျီတွေကိုလျှော်ရမယ်ဆိုပြီး အရီးထွေးညိုတို့ကိုခေါ်ဖို့သွားတယ်။အဲဒီမှာ အရီးထွေးညိုတင်မကဘူး။အေးသီပါအားတယ်ဆိုပြီးပါလာတယ်။
အေးသီနောက်ကနေ အဖွားအေးညိုပါလိုက်ချလာတယ်။အဖွားအေးညိုယောက်ျားကတောသွားတော့တစ်ယောက်တည်းအိမ်မှာနေရတာပျင်းလို့တဲ့လေ။
ဒီတော့နေမင်းခန့်နဲ့အရီးထွေးညိုကအဝတ်တွေကိုဒိုင်ခံလျှော်ပြီးအေးသီကတော့လှမ်းလို့မခြောက်တစ်ခြောက်အင်္ကျီတွေကိုမီးပူထိုးဖို့ပြင်ဆင်တယ်။
လျှပ်စစ်မီးမရတဲ့အရပ်ဆိုတော့မီးပူကိုကြေးမီးပူနဲ့ထိုးရတယ်။ကြေးမီးပူထဲကိုမီးကျည်ခဲထည့်ဖို့ရှားသားကိုမီးကျည်ခဲဖြစ်အောင်လုပ်ရသေးတာ။မီးကျည်ခဲကတွေ့ကရာမီးကျည်ခဲတွေထည့်ရင်အဆင်မပြေတတ်ဘူး။
ရှားသားမီးကျည်ခဲကိုထည့်ရတာ။ရှားမီးကျည်ခဲမဟုတ်ရင်မီးသွေးကတဖြတ်ဖြတ်နဲ့အင်္ကျီမှာအပေါက်ကလေးတွေဖြစ်သွားတတ်တာကိုး။ပြီးတော့ရှားသားမီးကျည်ခဲကအပူရှိန်ကောင်းတာလည်းပါတာပေါ့လေ။

YOU ARE READING
💕 မင်း ချစ်တဲ့ မောင်
Fantasyပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆိုတာ အပြန်အလှန်နားလည်ပေးတဲ့စိတ်နဲ့ တစ်ဦးကတစ်ဦးကိုစိတ်ချမ်းသာစေခြင်းပါပဲ။ yawthawemaung ပေးဆပ်ခြင်းတွေ ရယူခြင်းတွေနဲ့အသံကောင်းဟစ်နေရင် ဒါကအချစ်စစ်မဟုတ်တော့ဘူး။အချစ်စစ်ဆို...