Part 1

18.4K 726 33
                                    

Unicode

"အာ ... ပူလိုက်တာကွာ"

ရန်ကုန်မြို့ရဲ့ နေခြစ်ခြစ်တောက်ပူနေသော ကားလမ်းမပေါ်မှာ တစ်လမ်းချင်းလျှောက်ရင်း မကျေမနပ်ညည်းတွားနေသူက ... "ဗညားထွဋ်ခေါင်"

ဘယ်ကနေဘယ်လို ကားလမ်းမပေါ်ကိုရောက်နေသလဲဆိုတာကို ပြန်စဉ်းစားကြည့်ပေမယ့် မရချေ။ မနေ့ညက ဘယ်လောက်တောင် လစ်သွားလို့ အိမ်တောင်ပြန်မရောက်ရတာလဲဆိုတာတွေးရင်း ခေါင်းခြောက်လာသည်။ ဘယ်လောက်ပဲ မူးပါစေဦး၊ ဒီလို လမ်းမပေါ်ရောက်နေဖို့ဆိုတာ လုံး၀မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်လား။

ဘော်ဒါတစ်ယောက်ယောက်က အိမ်ပြန်မပို့ပေးရင်တောင်၊
ခပ်လှမ်းလှမ်းမှာ အမြဲရှိနေတတ်သော Body Guard လိုလို၊ Security လိုလို၊ ဖေဖေ့ရဲ့ လူယုံတော်တွေက "ဗညားထွဋ်ခေါင်" ဆိုသော သူ့ကို လမ်းဘေး ပစ်ထားခဲ့မှာ မဟုတ်တာ သေချာသည်။

"Taxi .."

စဉ်းစားတာက နောက်။ အခု အိမ်အရင်ပြန်ရမည်။ ဆက်လျှောက်နေရင် ခြစ်ခြစ်တောက်ပူတဲ့ နေရောင်ထဲ အသားတွေနေလောင်ရုံမကပဲ ပြာကျတော့မည်လေ။

အိမ်လိပ်စာပြောကာ ကားပေါ်တက်ခဲ့ရင်း ဘောင်းဘီအိတ်ထဲ စမ်းကြည့်တော့ ပိုက်ဆံအိတ်မတွေ့။ ဘောင်းဘီအိတ်ထဲကဖုန်းကို ထုတ်ကာ ဆက်ဖို့လုပ်တော့ Power Off နေပြန်သည်။ ဖုန်းကို ရိုက်ခွဲပစ်လိုက်ချင်စိတ်ကို ထိန်းကာ အိတ်ထဲပြန်ထည့်လိုက်ရသည်။ ဒီနေ့ ပြဿဒါးနေ့ပဲ ဖြစ်လိမ့်မည်။

"ရှေ့က ခြံရှေ့မှာ ရပ်ပေးပါ"

ကားသမားကိုပြောပြီး ကားပေါ်ကဆင်းကာ ဘဲလ်တီးရသေးသည်။ ခြံတံခါးက ချက်ချင်းပွင့်မလာ။ ခြံတံခါးတွေပါ ဆောင့်ကန်ပြီး ဝုန်းဒိုင်းကြဲချင်နေပေမယ့်လည်း လူခေါ်ဘဲလ်ကိုပဲ အဆက်မပြတ်တီးနေလိုက်တော့ ခြံစောင့် ကိုထွန်း ပြေးထွက်လာသည်။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ"

"ဘာ ..."

နေကပူ၊ စိတ်ကရှုပ်ရတဲ့အထဲ ကြောင်တောင်တောင်လုပ်နေတဲ့ ကိုထွန်း ကြောင့် အတိုက်အခံ ဆက်ပြောမနေတော့ဘဲ၊ ခြံရှေ့ရပ်ထားတဲ့ Taxi ကို လက်ညှိုးထိုးပြလိုက်သည်။

Magic Hides My ManWhere stories live. Discover now