Unicode
"လာ ထိုင်လေ"
ဧည့်ခန်းထဲက ဆိုဖာဘေးမှာ ရပ်ပြီး၊ ခေါင်းကို ၃၆၀ ဒီဂရီပြည့်အောင် လှည့်ပတ်ကြည့်နေသော ဇာနည်က၊ ဆိုဖာကို လက်နဲ့ပုတ်ပြီး လှမ်းပြောလိုက်မှ လာထိုင်သည်။
"ကျွန်တော်က ဘာအလုပ် လုပ်ရမှာလဲ"
ရဲမြတ်ထွဋ်ခေါင် တချက်စဉ်းစားဟန်ဖြင့် ဇာနည့်အား ကြည့်လိုက်သည်။ အမှန်တိုင်းပြောရလျှင် ဇာနည့်ကို ဘာအလုပ်ပေးရမည်ဆိုတာ မစဉ်းစားရသေး။ အခုလောလောဆယ်ကတော့ Hotel နှစ်ခုမှာ တက်ပေးရမဲ့ ပွဲနှစ်ခုက ဒီနေ့တစ်ရက်တည်း။
"အဲ့ဒါ ငါပြန်လာရင် ပြောမယ်၊ မင်း ဒီမှာပဲ စောင့်နေလိုက် ဟုတ်ပြီလား"
"ဒါ ခင်ဗျားအိမ်လား"
"ဘယ်သူ့အိမ် ထင်လို့လဲ"
ထရပ်လိုက်ပြီးမှ လှမ်းမေးတဲ့ ဇာနည်ကြောင့် ကိုယ်ကို ညွတ်ကိုင်းပြီး သူ့မျက်နှာနားကပ်ကာ ပြန်မေးလိုက်တော့ မျက်နှာလွှဲသွားသည်။ ဇာနည့်ကို ကြည့်ကာ ရယ်ချင်သွားပေမယ့် ခပ်တည်တည်သာ ကြည့်လိုက်ရင်း -
"မင်း နေ့လည်စာ စားဖို့ကို စီစဉ်ပေးဖို့ မှာခဲ့တယ်၊ ငါ ညနေလောက်ပြန်ရောက်မယ်"
"ကျွန်တော်က ဒီမှာ တနေကုန်ကြီး ထိုင်နေရမှာလား"
"မထိုင်နေချင်လည်း အိပ်နေလို့ရတယ်၊ ဒါပေမယ့် မပူပါနဲ့၊ မင်းရဲ့ လုပ်အားခကို ဒီနေ့ကစပြီး ထည့်တွက်ပေးမှာပါ"
"ဒါပေမယ့် ... ဒီအတိုင်းကြီး .."
"ပြန်လာမှ သေချာပြောရအောင်၊ ငါ အချိန်မရတော့ဘူး၊ အော် ... ပြီးတော့ ဒီအခန်းထဲမှာက CCTV သုံးလုံးရှိတယ်နော်၊ အသံပါကြားရတယ် ဆိုတော့ မင်းငါ့အကြောင်းကို ဖုန်းနဲ့ဖြစ်ဖြစ် မကောင်းပြောနေမိမှာစိုးလို့ သတိပေးတာ"
ဇာနည် တစ်ခုခုပြန်ပြောဖို့ ပြင်နေတုန်းမှာပဲ ရပ်စောင့်နေသော မင်းထက်ကို "သွားရအောင်" ဆိုသော ပုံစံနှင့်ကြည့်ကာ ထွက်လာခဲ့လိုက်သည်။
.....
ကားမောင်းနေသာ မင်းထက်က တစ်ခုခုပြောချင်သလို နောက်ကြည့်မှန်ထဲကနေ မကြာခန လှမ်းကြည့်နေ၏။ ရဲမြတ်ထွဋ်ခေါင် မသိချင်ယောင်ဆောင်ကာ မျက်လုံးတွေ မှိတ်ထားလိုက်သည်။ တကယ်တော့ ဇာနည့်ကို ထို၀ပ်ရှော့မှာ မတန်မရာ လုပ်အားခလေးနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာကို သနား၍သာ ခေါ်လာမိတာ ဖြစ်သည်။ ဇာနည့်ကို ဘာခိုင်းရမှန်း မသိသေးသလို၊ ဘာမှ ခိုင်းစရာ အလုပ်လည်း မရှိ။
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။