Final

8.7K 386 57
                                    

Unicode

ညစာ စားပြီးတော့ ထုံးစံအတိုင်း လမ်းထိပ်အုတ်ခုံလေးမှာ ထိုင်ရင်း အိမ်ဘက်ကို လှမ်းမျှော်ကြည့်မိသည်။ အိမ်ဘက်ကနေ ဗညားက သူ့ဆီလမ်းလျှောက်လာပြီး အရင်လိုပဲ ဘေးမှာ၀င်ထိုင်၊ သူ့နာမည်ကို လာခေါ်လေမလား ပေါ့။ မဖြစ်နိုင်တဲ့ အရာ ဆိုပေမယ့် ဖြစ်လာမလား ဆို‌သောမျှော်လင့်ချက်က ရှိနေသေးသည်။ ဗညားဟာလည်း ဘယ်လိုမှ မဖြစ်နိုင်သော နည်းလမ်းမျိုးနဲ့ သူ့ဘ၀ထဲကို ၀င်ရောက်လာခဲ့တာပဲ မဟုတ်လား။

စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ် ကို ဆက်တိုက် ဖွာရှိုက်နေရင်း အတွေးတွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေသည်။ ရန်ကင်းက အိမ်ရာထဲကို ရောက်သွားလိုက်၊ သမိုင်းလမ်းဆုံက တိုက်ခန်းဘေး လှေကားနားကို ရောက်သွားလိုက်၊ System ထဲမှာ တစ်ဖက်ကမ္ဘာကို ပြန်ဖို့ နည်းလမ်းလိုက်ရှာခဲ့တာတွေဆီ ပြန်ရောက်သွားလိုက်။ အခု ထိုင်နေသော အုတ်ခုံပေါ်က အနမ်းတစ်ပွင့်ဆီ ပြန်ရောက်သွားလိုက်နဲ့ ပေါ့။

"ဒီကြိုးလေး ၀တ်ထား"

"ပြန် မဖြုတ်ပစ်နဲ့နော်" တဲ့။

လက်က Hand Chain လေးကို ကြည့်ကာ ပိုင်ခန့်ကို ခပ်မဲ့မဲ့ပြုံးမိသည်။

"သွားရင်းလာရင်း ဒီကြိုးလေး ပျက်သွားရင် ဘယ်လိုလုပ်မလဲ၊ မင်း သိလား ဗညား၊ ငါက တန်ဖိုးရှိတဲ့အရာတွေကို ထိန်းသိမ်းတဲ့နေရာမှာ ညံ့တယ်"

ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ ကြယ်တွေ အမြောက်အများ ရှိနေ‌သည်။ တစ်ပွင့်မှ ကြွေမကျလာပေမယ့် ခပ်တိုးတိုး ရေရွတ်လိုက်ပါသည်။

"‌ဗညား .... မင်း ငါ့ဆီ ပြန်လာခဲ့လို့ ရမလား"

တစ်ဖက်လမ်းသွယ်ထိပ်နားက လ္ဘက်ရည်ဆိုင်ဆီမှ လေးဖြူရဲ့ "လမ်း" သီချင်းက ပီပီပြင်ပြင် ပျံ့လွင်လာ၏။ ခေါင်းပြန်ငုံ့ကာ စီးကရက်ကို အုတ်ခုံမှာ ထိုးချေ မီးသတ်လိုက်ချိန် ဖျတ်ခနဲ ကြွေကျ‌သွားသော ကြယ်တစ်ပွင့်ကိုတော့ ပိုင်ခန့်ကို မမြင်မိလိုက် ....။

မင်းနဲ့ငါ ချစ်ခွင့်မရတဲ့ နေ့ရက်တို့ရဲ့
ပြက္ခဒိန် အဟောင်းတွေကြား
လမ်း ...
လမ်းပျောက်တဲ့နေ့များ ....

Magic Hides My ManWhere stories live. Discover now