Unicode
အိပ်မက်တစ်ခုမက်နေရာက လန့်နိုးလိုက်ရသူလို အရာရာကို မယုံကြည်နိုင်ဖြစ်နေသေးသော ခံစားချက်ကြီးနှင့် နိုးထလာရပြန်သည်။ အမွှေးရနံ့တွေကို သူ သဘောကျမှန်း သိတာမို့ သူသုံးနေကျ Room Spray ရနံ့လေးကို အမြဲမပြတ်အောင် ဆွတ်ဖြန်းပေးထားတယ် ထင်သည်။ နေ့စဉ်သန့်ရှင်းရေး လုပ်ဟန်တူသော အခန်းကလည်း သူနေစဉ်တုန်းက ထက်တောင် သန့်ရှင်း သပ်ရပ်နေ၏။
ပြန်ရောက်ပြီးကတည်းက ဘယ်သူနဲ့မှလည်း မတွေ့နိုင်၊ မေးသမျှလည်း မဖြေနိုင်သေးဘဲ နောက်တစ်နေ့ကူးတဲ့အထိ လူက ငိုင်နေမိဆဲ။ ကုတင်ပေါ်မှာ ထထိုင်ကာ ကိုယ့်အခန်းကိုယ် အခုမှ မြင်ဖူးသလို လှည့်ပတ်ကြည့်နေမိသည်။ ဒီအိမ်ကို အရမ်းပြန်ရောက်ချင်နေခဲ့တာ မဟုတ်ဘူးလား။ ဒီအိပ်ရာပေါ်မှာ လှဲချပြီး နားပစ်လိုက်ချင်ခဲ့တာ မဟုတ်ဘူးလား။ အခုက ပိုပြီး ပင်ပန်းနေသည်။
စားပွဲထောင့်က နာရီလေးဆီလှမ်းကြည့်လိုက်တော့ မနက်ဆယ်နာရီကျော်ပြီ။
"မင်း အခုချိန်ဆို အပြင်သွားပြီပေါ့"
လက်မှာ ပတ်ထားသော ကြိုးအနီလေးကို ငုံ့ကြည့်ကာ ခပ်တိုးတိုး မေးလိုက်သည်။ စားပွဲပေါ်က ဖုန်းကို လှမ်းယူကာ Contact ပြန်ရေးမှတ်ထားရသော ပိုင်ခန့်နံပါတ်ကို ခေါ်လိုက်ပြီး မျှော်လင့်ထားပြီးသား ဖုန်းအော်ပရေတာမှ မိန်းကလေး၏ အသံကို လျစ်လျူရှုကာ -
"ငါ နိုးပြီ ပိုင်ခန့်၊ မေမေ အိမ်ပြန်ရောက်နေတယ် သိလား၊ မေမေတို့နဲ့ စကားပြောပြီးရင် ငါ့သူငယ်ချင်းတွေဆီ ခဏသွားလိုက်ဦးမယ်"
"တပ်ဆင်ထားခြင်း မရှိပါရှင် ..."
"ဒါပေမယ့် စိတ်မပူပါနဲ့၊ မင်း စိတ်ပူရမဲ့ ကိစ္စတွေ ငါ ဘာမှ ထပ်မလုပ်တော့ဘူး၊ ညနေ ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်"
........
"ငါ့သားလေး ပိန်သွားလိုက်တာ၊ ကြည့်ပါဦး"
ထမင်းစား စားပွဲမှာ မေမေက ဗညားထွဋ်ခေါင်အနား ကပ်ထိုင်ကာ တဖွဖွ ပြောလို့ မဆုံး။ ဖေဖေကတော့ ဘာမှ၀င်မပြောပေမယ့်လည်း အခုမှ စိတ်အေးသွားရသူလို သက်ပြင်းသာ ခဏခဏချနေ၏။ သူ မရှိတဲ့ ဒီကာလလေးမှာပဲ ဖေဖေဟာ အရင်ထက် အသက်ပိုကြီးသွားသလိုပင်။ တစ်ခါမှ ဆေးဆိုးဖို့ မမေ့လျော့ဖူးသော ဖေဖေ့ဦးခေါင်းပေါ်မှာ ဆံပင်ဖြူတချို့ကိုတောင် မြင်နေရသည်။
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။