Part 11

5K 379 23
                                    

Unicode

ကားဂိတ်ဆီကို ပြန်လျှောက်လာခဲ့ရင်း ပိုင်ခန့်ကို ဒေါသဖြစ်လာသည်။ ၀ပ်ရှော့မှာ ဒီနေ့ ခွင့်ယူတဲ့သူ သုံးယောက်လောက် ရှိတာမို့၊ အလုပ်တွေများကာ ပြန်နေကျအချိန်ထက် တစ်နာရီကျော်လောက် နောက်ကျပြီးမှ အိမ်ရောက်သည်။ ပြန်ရောက်တော့ ဗညားထွဋ်ခေါင် အိမ်မှာ ရှိမနေတာမို့ မမကိုမေးတော့ *အပြင်ထွက်သွားတယ်* ဟုသာ ပြော၏။

ဖုန်းခေါ်ကြည့်တော့လည်း ဖုန်းမကိုင်တာကြောင့်၊ ရောက်ရောက်ချင်း ထိုင်တောင်မထိုင်ရသေးဘဲ ပြန်ထွက်လာရပြန်သည်။ ‌အဖြစ်နိုင်ဆုံးကတော့ ဟို အိမ်ယာထဲကို ထပ်သွားတာပဲ ဖြစ်မည်။

၀ပ်ရှော့ကနေ အပြန်ဆို ရေချိုးပြီးမှ ပြန်တာမို့ လူက အရမ်းနုန်းမနေပေမယ့်၊ ဒီနေ့က အလုပ်ပိုများထားတာကြောင့် ပင်ပန်းနေပြီ ဖြစ်သည်။

"ငါလည်း ဘယ်ဘ၀က ၀ဋ်ကြွေးလဲ မသိပါဘူး"

တစ်ယောက်တည်း တွေးရင်း ကားမှတ်တိုင်မှာ ရပ်ကာ ဖုန်းထပ်ခေါ်ကြည့်ပေမယ့်လည်း မကိုင်ပါ။ ဖြစ်နိုင်ရင်
ဗညားထွဋ်ခေါင်ကို စတွေ့တဲ့နေ့ကိုသာ ပြန်သွားပြီး၊ သူ့ဟာသူ ကားရှေ့က ဖယ်ဖယ် မဖယ်ဖယ်၊ ပြဿနာရှာမနေဘဲ လွှတ်ထားခဲ့မိမှာ ဖြစ်သည်။ အခုကတော့ ပြန်ပြင်လို့လည်း မရတော့ချေ။

......…

မမပေးလိုက်တဲ့ ပိုက်ဆံကို အားနာပေမယ့်လည်း Taxi စီးရန်ယူလာခဲ့လိုက်ရသည်။ ဗညားထွဋ်ခေါင် တစ်ယောက်တည်းဆို Bus ကား မစီးတတ်ပါ။ ပိုင်ခန့်ကိုက ဒီနေ့ အပြန်‌နောက်ကျနေတာမို့၊ သူ့ဟာသူ နားလို့ရအောင် တစ်ယောက်တည်း ထွက်ခဲ့လိုက်တာ ဖြစ်သည်။

မနေ့က ဖေဖေ့ရုံးခန်းလိပ်စာ မှားနေတဲ့ကိစ္စကို စိတ်ထဲမှာ မကျေနပ်နိုင်သေးပါ။ တစ်ခုခုကို သေသေချာချာ သိလိုက်ရမှ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် ဒီညနေတော့ တစ်ခုခုသိရမှ ဒီအိမ်ယာထဲကနေ ပြန်ဖို့ စဉ်းစားထားသည်။

ခြံရှေ့က လူခေါ်ဘဲလ်ကို အဆက်မပြတ် တီးနေလိုက်တော့ ခြံစောင့်ကိုထွန်း ပြေးထွက်လာ၏။ ထုံးစံအတိုင်း ညနေဆို ပုလင်းခါးကြားထိုးကာ ခွက်ပုန်းချနေတာပဲ ဖြစ်လိမ့်မည်။
ကိုထွန်းပုံစံက ရီဝေဝေ ဖြစ်နေမှန်း သိသာသည်။

Magic Hides My ManWhere stories live. Discover now