Unicode
ကားမှတ်တိုင်ကနေ ရပ်ကွက်ထဲကို လမ်းလျှောက်၀င်လာခဲ့တော့ ကယ်ရီဂိတ်က အကိုတွေက လက်လှမ်းပြကာ နှုတ်ဆက်နေတာမို့ ပြန်နှုတ်ဆက်လိုက်သည်။ ဒီနေ့က ဆိုင်ကယ်တစ်စီး အရောင်းအ၀ယ်ပျက်သွားတာမို့ အစောကြီးပြန်လာခဲ့ရတာ ဖြစ်သည်။ အလုပ်ရှိတဲ့ အချိန်တွေကလွဲလို့ အပြင်မှာ အချိန်ဖြုန်းပြီး မနေတတ်တော့တာ ကြာပြီပဲဟု ကိုယ့်ကိုယ်ကို တွေးလိုက်မိသည်။
ပိုင်ခန့်ကို ၁၆/၁၇ အရွယ်လောက်က ဒီရပ်ကွက်ထဲမှာပဲ ရန်ဖြစ်၊ သောင်းကျန်းပြီး ဆိုးသွမ်းခဲ့ဖူးသည်။ မောင်နှမနှစ်ယောက်တည်းရှိသော ဘ၀မှာ မောင်ဖြစ်သူကိုလည်း အပြစ်မတင်ရက်ဘဲ ပိုင်ခန့်ကို ဆိုးသွမ်းသမျှ အမြဲဖြေရှင်းပေးရတဲ့ မမ။ အချုပ်ကျလည်း လိုက်ထုတ်ရ၊ ညသန်းခေါင်လည်း မိန်းကလေးတန်မဲ့ ရပ်ကွက်ထဲမှာ လိုက်ရှာရနဲ့ ဘယ်သောအခါမှ မငြူစူခဲ့ပေမယ့် အမြဲငိုခဲ့ရသည်။
ကြာလာတော့ ကိုယ့်အပြုအမူတွေအတွက် ကိုယ့်ဟာကိုယ် ပြန်ရှက်မိလာရင်းပဲ၊ ဘယ်သူမှ ပြုပြင်ပြောင်းလဲစရာ မလိုဘဲ ကိုယ်တိုင်ဆင်ခြင်ခဲ့တာ ဖြစ်သည်။ အခုလည်း အလုံးစုံတော့ ပြည့်စုံကောင်းမွန်နေတယ် မဟုတ်သော်လည်း မမစိတ်မဆင်းရဲအောင်၊ မမအတွက် အကာအကွယ်ဖြစ်အောင် နေထိုင်တတ်ခဲ့ပြီ။ မမရဲ့ မေတ္တာတွေကြောင့်လည်း ပါလိမ့်မည်။
တွေးရင်းနဲ့မှ ဗညားအကြောင်းကိုပါ စဉ်းစားမိသည်။ ဗညားဟာလည်း ဘယ်အချိန်မှာ သူ့ကိုယ်သူမှားတယ်ဟု လက်ခံလာနိုင်မှာလဲ မသိပါ။ သူ့စိတ်အခန့်မသင့်မှသာ သူ့အမှားဟုတွေးပြီး သိပ်မကြာခင် ပုံမှန်ပဲ ပြန်ဖြစ်သွားတာပင်။ အရင်ကတည်းက ဒီပုံစံမျိုးပဲမို့ အဖေဖြစ်သူက စိတ်မချတာ ဖြစ်မည်။ သူ့ကို အမြဲတမ်းအထင်သေးပြီး စိတ်ရှုပ်အောင် လိုက်လုပ်နေသည် ဟု ထင်ကာ အဖေဖြစ်သူနဲ့ဝေးရာကို အမြဲထွက်သွားချင်နေတာမျိုးပင်။
မနေ့က System ကို သွားခဲ့ပေမယ့် ဘာမှ ထူးခြားတာမျိုးမရှိ။ အရင်က ရေကျော် City Express Convenient Store မှာ တစ်ဖက်ကမ္ဘာကို ကူးလို့ရတဲ့ တံခါးပေါက်ရှိတယ်ဆိုသော၊ ကောလဟာလလိုလို တကယ်လိုလို သတင်းစကားမျိုးတော့ ကြားဖူးသည်။ System မှာတော့ Toilet ထဲမှာလည်း ဘာမှ ထူးဆန်းတာမတွေ့။ တကယ်ဆို ဗညားပြောသောစကားတွေက ဘာသက်သေမှလည်း တိတိကျကျ ရှိမနေ။ ကိုပြည်စုံမင်းဟာ ဟိုဘက်ကမ္ဘာမှာ သူ့သူငယ်ချင်း ဖြစ်သည်ဆိုတာနှင့် ကိုပြည့်စုံမင်းကိုယ်တိုင်က ဗညားကို ရင်းနှီးနေတဲ့သူလို ခံစားရတယ်ဆိုတာ ပဲ ရှိသည်။
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။