Unicode
"မင်း အိမ်ပြန်မလား၊ ငါ ကိုခန့်ဆီ ဖုန်းဆက်လိုက်မယ်လေ"
ဇင်မင်းက တစ်ဖက်ကုတင်ပေါ်မှာ လှဲအိပ်နေရင်းက လှည့်ကြည့်ကာ မေးသည်။ ဗညားထွဋ်ခေါင် ခေါင်းသာ ခါပြလိုက်မိသည်။ ခေါင်းတစ်ခုလုံး ကြေမွတော့မလို ကိုက်ခဲနေကာ မျက်လုံးတွေလည်း မဖွင့်ချင်။ မနက်နိုးကတည်းက နှစ်ခါ သုံးခါလောက် အန်နေတာက မနေ့ညက အစာမစားထားဘဲ စွတ်သောက်လိုက်မိလို့ ဖြစ်မည်။
"အဆင်ပြေရဲ့လား ဗညား"
"ခေါင်းတွေကိုက်တယ်ကွာ ... သေတော့မလိုပဲ"
ဇင်မင်းက "ခဏလေး" ဟု ဆိုကာ Reception ကို ဖုန်းဆက်၍ ကော်ဖီလှမ်းမှာ နေသည်။ ဖြိုးအောင်ကတော့ ကလေးမို့ အိမ်ကနေ အကြာကြီး ထွက်လာလို့ မရ၍ထင်သည်။ ဒီနေ့တော့ ရောက်မလာပါ။
"မင်းလည်း အိမ်ပြန်ချင်ပြန်လေ၊ ငါ ဒီမှာ အဆင်ပြေပါတယ်"
"ငါက ရတယ်၊ အိမ်မှာက ငါ ရှိရှိ မရှိရှိ ဘာမှ မထူးဘူး"
ဇင်မင်းက သူ့ဟာသူပြောပြီး ရယ်နေ၏။ ဇင်မင်းကို လှည့်ကြည့်လိုက်ကာ လိုက်တော့ မရယ်မိပါ။ ဗညားထွဋ်ခေါင်ဆိုတဲ့ ကောင်ကရော။ မိသားစုအတွက်၊ ပတ်၀န်းကျင်အတွက် ရှိရှိ မရှိရှိ ဘာမှ မထူးဘူးလား။ ပြီးတော့ ပိုင်ခန့် အတွက်ရော ...။ တဆစ်ဆစ်ထိုးကိုက်လာသော ခေါင်းကြောင့် မျက်နှာပေါ် ခေါင်းအုံးနှင့် ဖိအုပ်လိုက်ရသည်။
အခန်းတံခါးခေါက်သံနှင့်အတူ အခန်းထဲကို ၀င်ရောက်လာသော ကော်ဖီနံ့ ပြင်းပြင်းကလည်း ခေါင်းကိုက်ခြင်းကို မကုစားနိုင်သေး။ ကုတင်ပေါ် ထထိုင်ကာ မနက်ကတည်းက မှာထားပြီး မစားဖြစ်သေးသော ထမင်းပေါင်းပန်းကန်ကို လှမ်းကြည့်လိုက်မိသည်။ မမနဲ့ ပိုင်ခန့်ရော ထမင်းစားတဲ့အချိန်ဆို သူ့ကို စောင့်နေမှာလား။ ဘယ်စောင့်နေပါ့မလဲ။ ဇင်မင်းပြောသလို ရှိရှိ မရှိရှိ ဘာမှမထူးတဲ့ကောင် ပဲကို။
"မင်း ယူလာပြီလား"
ဇင်မင်းက ခေါင်းညိတ်ပြရင်း ဗညားကုတင်ဘက်ကို ကူးလာပြီး ဘောင်းဘီအိတ်ထဲက အထုပ်ကို လှမ်းပေး၏။ ဘာအတွက်ကြောင့်နဲ့ ဘာကို ဆင်ခြင်ပြီး နေရဦးမှာလဲ။ ဟိုဘက်ကမ္ဘာကို ပြန်ရောက်သွားတာပဲ ဖြစ်ဖြစ်၊ ဒီကမ္ဘာမှာ သေသွားတာပဲ ဖြစ်ဖြစ်ပေါ့။ ပြန်စရာအိမ်မရှိဘူးဆိုတဲ့ ခံစားချက်၊ ကိုယ့်ကို စောင့်မျှော်နေတဲ့သူ တစ်ယောက်တောင် မရှိပါလားဆိုတဲ့ ခံစားချက်က လုပ်ချင်တာတွေကို မတွေဝေဘဲ လုပ်ပစ်လိုက်ဖို့ တွန်းအားပေးသည်။
YOU ARE READING
Magic Hides My Man
Romanceကျေးဇူးပြုပြီး ငါ့လက်ကို မလွှတ်လိုက်ပါနဲ့ ဒီကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်ကိုပဲ ငါသိတာ ...။