Part-1

1.6K 84 3
                                    

[Unicode]
"ဘာ...အလိမ်ခံလိုက်ရတယ် ဟုတ်လား"

တိမ်ယံရှင်း၏ ကျယ်လောင်လှသည့်အသံကြီးက စံအိမ်ကြီးတစ်ခုလုံးအတွင်းဟိန်းထွက်သွားခဲ့သည်။ ရှေ့တွင်ရပ်နေသော အဂ္ဂ၏ နားထဲတွင်တော့ တိမ်ယံရှင်း၏အသံက မရဏခေါင်းလောင်းထိုးသည့်နှယ်။

"ငါမင်းကိုဘယ်နားသွားသုံးစားရမလဲ၊
ဒီအရွယ်ကြီးရောက်နေပြီ ဒါလေးခိုင်းတာတောင် အဆင်ပြေချောမွေ့အောင် မလုပ်နိုင်ဘူး"

မလှမ်းမကမ်းတွင်ထိုင်နေသော သူရဇ္ဇက ဖတ်လက်စစာအုပ်အား စားပွဲပေါ်တင်လိုက်ရင်း...
"ဒီလောက်ဆူရင် သူလည်းနားဝင်လောက်ပါပြီ၊ အဂ္ဂကလုပ်ငန်းအတွေ့အကြုံလည်း သိပ်မရှိသေးလို့ပါ"

"ခင်ဗျားလည်း ပါးစပ်ပိတ်ထား"

"....."

"မနေ့တနေ့ကမှ ပန်းပဲဖိုကထွက်လာတဲ့
ဒီကြေးလက်ကောက်တွေကို နှစ်တစ်ရာကျော် ရှေးဟောင်းပစ္စည်းပါလို့ပြောပြီးရောင်းသွားတာကိုတောင်မသိတဲ့ ဒီအကောင်ကို ခင်ဗျားကဘာတွေ ကာပြောပေးနေတာလဲ၊ ရှားပါးတဲ့ရှေးဟောင်းပစ္စည်းဆိုလို့ သောက်ကောင်းလုပ်ပြီး ပြန်ရောင်းဖို့ တစ်ဖက်ကသူဌေးနဲ့ပြောထားမိပါတယ်၊ အခုတော့ ကျွန်တော်က ဒီဟာကြီးတွေကို ဘုရားပွဲစျေးထဲထိုင်ရောင်းရမှာလား"

လွန်စွာဒေါသထွက်နေသော တိမ်ယံရှင်းက သူရဇ္ဇအားပိတ်ဟောက်ပစ်လိုက်ပြီး အဂ္ဂအား စူးရဲစွာကြည့်ရင်းပြောလိုက်ပြန်သည်။

"ပစ္စည်းရောင်းဖို့ကမ်းလှမ်းလာတဲ့ကောင်နာမည်က မင်းခ မဟုတ်လား၊ ဒီကောင်တွေက Andreyကိုသက်သက်ရန်စရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့"

အဂ္ဂက သူ၏နှုတ်ခမ်းအား လက်ဖမိုးဖြင့် အသာအယာထိကပ်လိုက်ကာ ဖြေရခက်နေဟန်ရှိသည်။

"ဟိုလေ...ဟိုဟာ...."

"ငါသိပ်စိတ်ရှည်တာမဟုတ်ဘူးနော်"

အဂ္ဂထံမှ တံတွေးမျိုချသံ ခပ်သဲ့သဲ့ကြားလိုက်ရသည်။
"ပစ္စည်းလာကမ်းလှမ်းတာ မင်းခ ဆိုပေမယ့်၊ လိမ်သွားတာက မင်းခရဲ့ညီမ ဆည်းဆာ ပါ"

"ဘာ!!!!!"

တိမ်ယံရှင်း၏ အော်သံနက်ကြီးကြောင့် ဧည့်ခန်းထဲသို့ဝင်လာမည့်ဟန်ပြုနေသည့် မင်းထက် ခမျာမှာတော့ လန့်ဖြန့်ပြီး ထိုင်ချမိလိုက်မလိုပင်ဖြစ်သွားရသည်။ မင်းထက် အနောက်တွင်ပါလာသည့် သီဟကအံ့သြသည့်ဟန် လေသံခပ်တိုးတိုးဖြင့်မေးလိုက်သည်။

Crimson Book[Ongoing]Where stories live. Discover now