[Unicode]
ရွှေပိုးဖြူတစ်ယောက် တောတွင်း၌ ဦးချိုဝင့်ကြွားကာ လှပတင့်တယ်သည့် သမင်တစ်ကောင်အားတွေ့၍ လေးကြိုးတင်ကာ တိတ်တဆိတ်ချဥ်းကပ်ခဲ့၏။ သူမ၏ မြင်းဖြူကြီးကိုတော့ သစ်ပင်တစ်ပင်၌ ချည်ခဲ့လေသည်။သမင်၏ ချက်ကောင်းနေရာအား ချိန်၍ မြှားအား ပစ်လွှတ်လိုက်စဥ် ခြေထောက်အောက်မှ သစ်ကိုင်းခြောက်နင်းမိသည့်အသံကြောင့် သမင်က ထိုနေရာမှ လျင်မြန်စွာထွက်ပြေးသွားတော့၏။
လေးမှလွတ်ထွက်သွားသည့် မြှားတံကတော့ သမင်ရပ်နေခဲ့သည့် နေရာအားကျော်ကာ တစ်ဖက်ခြုံအတွင်းသို့ ဝှီးခနဲ ဝင်ရောက်သွားလေသည်။"အား..."
ခြုံအတွင်းမှ လူတစ်ယောက်၏ အော်သံကြောင့် ရွှေပိုးဖြူ ခေါင်းနပမ်းကြီးသွားရသည်။ ထိုသမင်အား ပစ်ခတ်ရန် ချောင်းမြောင်းနေသူမှာ သူမအပြင် အခြားတစ်ယောက်ရှိနေသည်ဟု တွေးထင်လိုက်မိ၏။
ရွှေပိုးဖြူလည်း အသံကြားရာ ခြုံနွယ်များအနောက်ဘက်သို့ အပြေးအလွှားသွားလိုက်ရာ လူတစ်ယောက်အားတွေ့ရသည်။ ထိုသူက ကြက်သွေးရောင် အဝတ်တို့အားဝတ်ဆင်ကာ ရှည်လျားသည့်ဆံနွယ်များအား ဖြန့်ချထား၏။
ထိုသူ၏ ညာဘက်လက်မောင်းတွင် သူမပစ်လွှတ်လိုက်သည့် မြှားတံစိုက်ဝင်လျက်ရှိပြီး သွေးများမြင်မကောင်းအောင် စီးကျနေလေသည်။"တောင်းပန်ပါတယ်ရှင် လူရှိမှန်းမသိလိုက်လို့ပါ"
ထိုသူက သူ၏လက်မောင်းတွင် စိုက်ဝင်နေသည့် မြှားတံအား ဆတ်ခနဲဆွဲထုတ်လိုက်သည်။ ရွှေပိုးဖြူက ထိုအခြင်းအရာအားကြည့်ကာ သတိလက်လွတ်ရေရွတ်လိုက်မိသည်။
"တော်သေးတာပေါ့ ခေါင်းမထိလို့"
"ထိစေချင်လို့လား"
"အဲ...မဟုတ်..."
ထိုသူက ရွှေပိုးဖြူအား စူးရဲစွာစိုက်ကြည့်လျက် မြှားတံအား ထက်ပိုင်းချိုးပစ်လိုက်၏။ သွေးအလူးလူးဖြစ်နေသည့် သူ၏ဒဏ်ရာအား လက်ဖြင့်အုပ်ကိုင်လျက် ထိုနေရာမှ ထသွားရင်း မကျေမနပ်ဖြင့် ရေရွတ်သွားလေသည်။
"ဒီမိန်းမ ယက္ကန်းခတ်နေသင့်တာ"
ထိုသူ၏ စကားကြောင့် ရွှေပိုးဖြူ ဒေါသထွက်သွားရသည်။
"ရှင့်ကိုခေါင်းထိအောင် ပစ်ခဲ့ရမှာ"
YOU ARE READING
Crimson Book[Ongoing]
Fantasyဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ကြောင်း။ Started:1.7.2024 "ကိုယ့်ရဲ့အရှင် S-3" 📜Story Description📜 နမော်နမဲ့နိုင်လွန်းလှတဲ့MCတစ်ဦးဟာဆိုရင်ဖြင့် ရှေးဟောင်းစာအုပ်ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မတော်တဆလွှတ်ပေး...