Part-6

290 26 3
                                    

[Unicode]
ဆည်းဆာမှာ ပြေးရင်းပြေးရင်း မောဟိုက်လာ၏။ သို့သော်လည်း ရပ်နားဖို့မတွေးရဲပေ။ သူမ၏ခြေလှမ်းများ နှေးကွေးသွားတိုင်း ကျောဘက်မှကြားရသည့်ခြူသံက ပိုမိုနီးကပ်လာသယောင်ခံစားရသည်။ နက္ခတ်၏ ညာဘက်ခြေကျင်းဝတ်တွင် ရွှေခြေကျင်းတစ်ခုဝတ်ဆင်ထား၍ ထိုခြေကျင်းမှခြူသံက ဆည်းဆာအား ပြေးနေရာမှမရပ်စေရန် တွန်းအားပေးနေသယောင်။

နက္ခတ်၏ နယ်နိမိတ်စည်းကျော်တဲ့အထိ သူမဆက်ပြေးနေမိသည်။ ပြေးနေရင်း သူမ၏ရှေ့တွင် ရွှေရောင်တောက်ပနေသည့် နန်းတော်ဟုယူဆရသည့် အဆောက်အအုံတစ်ခုအားတွေ့လိုက်ရ၏။

နက္ခတ်မှာ မျက်လုံးအစုံပြူးကျယ်သွားရကာ အော်ဟစ်လိုက်သည်။
"အဲ့ဘက်မသွားနဲ့"

ဆည်းဆာက ထိုနန်းတော်၏ နယ်နမိတ်အား ကျော်ဝင်သွားပြီဖြစ်၏။ နက္ခတ်မှာလည်း သတိမထားမိဘဲ သူမနှင့်အတူဝင်ရောက်ရင်း
ချထားသည့် နယ်နိမိတ်စည်းအား မရည်ရွယ်ဘဲ ချိုးဖျက်လိုက်မိသည်။
ပတ်ဝန်းကျင်တွင် ရွှေရောင်ကြိုးမျှင်ကဲ့သို့အရာများ ပေါ်ပေါက်လာကာ သူတို့နှစ်ယောက်ဘေး၌ အချုပ်အနှောင်သဖွယ် ရစ်ဝဲနေ၏။
"ဘာဖြစ်တာလဲ"

"ဒီဘက်မလာပါနဲ့လို့ပြောသားပဲ"

"ရှင်ကနောက်ကပြေးလိုက်နေတာကိုး"

"အသင်ထွက်မပြေးရင် ကိုယ်တော်ကလိုက်ဖို့လိုပါ့မလား"

"ပြေးမှာပေါ့ ကျွန်မမှရှင့်ကိုမယူချင်တာ"

သူတို့နှစ်ယောက်စကားများနေစဥ် နန်းတော်စည်းရိုးအတွင်းမှ လူနှစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသူနှစ်ဦးကို မြင်သည်နှင့် နက္ခတ်၏ မျက်နှာမှာ သိသိသာသာပျက်ယွင်းသွားသည်ကို ဆည်းဆာသတိထားမိလိုက်၏။
ထွက်လာသော လူနှစ်ယောက်ထဲမှ တစ်ယောက်က နက္ခတ်ကိုကြည့်ကာ ခနဲ့တဲ့တဲ့စကားဆိုလာ၏။

"ဘယ်သူများလဲလို့ နယ်စားမင်းကိုယ်တိုင်ပဲကိုး၊ ဝိညာဥ်အရှင်သခင်ရဲ့ နယ်နိမိတ်ထဲ နတ်မိစ္ဆာတွေ မကျူးကျော်ရဘူးလို့ နတ်မင်းကြီးတွေက သေချာမှာမထားဘူးလား"

ထိုသူ၏ အထက်စီးဆန်သည့်စကားကြောင့် နက္ခတ်လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။ ထိုသူပြောလည်းခံရမည်ပင်။ အခုချိန်မှာ သူက တစ်ပါးသူရဲ့ပိုင်နက်ထဲ ကျူးကျော်နေသကဲ့သို့ဖြစ်နေသည်မဟုတ်ပါလား။ အချုပ်အနှောင်မှလွတ်ရန် အင်အားသုံးဖြေရှင်းလျှင် ပြဿနာကြီးကြီးမားမားဖြစ်ပြီး နတ်မင်းကြီးများထံမှ ပြစ်ဒဏ်သင့်မည်စိုးသောကြောင့် အလိုက်သင့်သာ နေနေရ၏။

Crimson Book[Ongoing]Where stories live. Discover now