Part-17

169 21 9
                                    

[Unicode]
နက္ခတ်နှင့် ဆည်းဆာ နှစ်ယောက်သား သတိကြီးကြီးထားကာ ဆက်လျှောက်လာရင်း သစ်ခြောက်ပင်များ၊ ဆူးပင်များနှင့် ပြည့်နှက်နေသည့် နေရာတစ်ခုသို့ရောက်လာခဲ့၏။ ထိုနေရာ၌ နေထိုင်ကျက်စားကြသည့် မိစ္ဆာအနွယ်ဝင်တို့က နက္ခတ်အားမြင်သည်နှင့် ဒူးထောက်ချကာ နဖူးတို့အား မြေကြီးနှင့်ထိလုမတတ် ခေါင်းများငုံ့ထားကြ၏။

နက္ခတ်က ထိုနယ်မြေပတ်ဝန်းကျင်အား အကဲခတ်ကြည့်ကာ မျက်လုံးများမှာ ဒေါသအဟုန်ဖြင့် မီးတောက်များကဲ့သို့ နီရဲတောက်ပလာသည်။

"တောက်!!"

နက္ခတ်ထံမှ ပြင်းထန်လှသည့် တောက်ခေါက်သံကြောင့် ခေါင်းငုံ့ထားကြသည့် မိစ္ဆာတို့မှာ တဆတ်ဆတ်တုန်ယင်နေကြကာ ဆည်းဆာပင်လျှင် အနည်းငယ်လန့်သွား၏။ ထိုမိစ္ဆာများထဲတွင် ဒဏ်ရာအပြင်းအထန်ရထားသည့်သူများပါဝင်ကာ ပတ်ဝန်းကျင်၌လည်း
ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့် အရိပ်အယောင်များတွေ့ရသည်။

"အရှင်...ကျွန်တော်မျိုးတို့ကို ကယ်ပါဦး"

"ဒီမှာဘာတွေဖြစ်သွားတာလဲ"

"မကောင်းဆိုးဝါးကြီးတစ်ကောင် ရောက်လာပြီး အားနည်းတဲ့ ကျွန်တော်မျိုးတို့ မျိုးနွယ်ဝင်တွေကို စားသောက်သွားပါတယ် အရှင်"

"ရာဇာသက္ကက ဒီအထိတောင် လာပြီးသွားပြီပဲ"

နက္ခတ်က ပြောရင်းဆိုရင်းဖြင့် ဆည်းဆာကို လှမ်းကြည့်ကာ...
"ဒဏ်ရာရထားတဲ့သူတွေကို ရေနည်းနည်းတိုက်လိုက်ပါ"

ဆည်းဆာက သူမလွယ်ထားသည့် အိတ်ထဲမှ ဘူးသီးခြောက်ရေဘူးလေးအားထုတ်ကာ ဒဏ်ရာရထားသူများကို နည်းနည်းစီတိုက်လိုက်သည်။ ထိုရေကို သောက်ပြီးသည်နှင့် ဒဏ်ရာရထားသည့် မိစ္ဆာအနွယ်ဝင်တို့မှာ ဒဏ်ရာများပျောက်ကင်းကာ အကောင်းပကတိအတိုင်းဖြစ်သွားကြလေ၏။ ထိုသူများက ဝမ်းသာအားရဖြင့် နက္ခတ်အား အကြိမ်ကြိမ်ဦးညွှတ်လျက်ရှိကြပေ၏။

ထိုမိစ္တာအနွယ်ဝင်များထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့်သူတစ်ဦးက ဆည်းဆာကို ကြည့်ကာ နက္ခတ်အား မရဲတရဲဖြင့် မေးခွန်းထုတ်လာသည်။

Crimson Book[Ongoing]Where stories live. Discover now