Part-13

251 27 13
                                    

[Unicode]
တောနက်ကြီးတစ်နေရာရှိ သစ်သားအိမ်လေးရှိရာသို့ တိမ်ယံရှင်းတို့ ရောက်လာခဲ့၏။ သစ်သားအိမ်လေး၏ ထောင့်တစ်နေရာတွင် မင်းခက သူ၏ဒူးများကို လက်နှစ်ဖက်ဖြင့် ပိုက်ကာ တဆတ်ဆတ်တုန်နေလျက် ထိုင်နေပြီး မိန်းမတစ်ဦးနှင့် ယောကျ်ားနှစ်ဦးတို့၏ အလောင်းများသည်လည်း အိမ်ထဲတွင် ရှိနေကြ၏။ အလောင်းများမှ သွေးများကလည်း ကြမ်းပြင်ပေါ်၌ အိုင်၍နေ၏။

အဂ္ဂက အပြေးသွားလိုက်ကာ တုန်ယင်နေသည့် မင်းခအား ရင်ခွင်ထဲ၌ ပွေ့ဖက်ထားလိုက်သည်။
"ဘာမှမဖြစ်ဘူးနော်၊ တော်သေးတာပေါ့"

"ကြောက်တယ်"

မင်းခက အဂ္ဂအားဖက်လျက် ရင်ခွင်ထဲသို့တိုးဝင်ကာ တအိအိ ငိုတော့၏။
လူသုံးယောက်အား သူ၏မျက်စိရှေ့တွင် ရက်ရက်စက်စက်သတ်ဖြတ်သွားသည့် နက္ခတ်၏ပုံရိပ်က သူ့ကိုသွေးပျက်စေသည်။

ကြမ်းပြင်ပေါ်တွင် ကျနေသည့် အဆောင်ဆွဲကြိုးအား တိမ်ယံရှင်းကောက်ယူကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ဒီမိစ္ဆာကောင်ကတော့ အခွင့်အရေးကို ကောင်းကောင်းအသုံးချသွားတာပဲ"

တီးတိုးရေရွတ်ရင်း ကျန်လူများဘက်လှည့်ကာ...
"အိမ်တော်ကိုပြန်ကြမယ်"

အဂ္ဂ ‌မင်းခအား ပွေ့ချီကာ အိမ်အပြင်သို့ ထွက်သွားလိုက်သည်။ မင်းခပျောက်သွားတည်းက အဂ္ဂက ဂဏာမငြိမ်ဖြစ်နေခြင်း ဖြစ်သည်။ အခုပြန်တွေ့တော့လည်း မဆီမဆိုင် ကဲကဲသည်းသည်းဖြစ်နေပြန်၏။
အဂ္ဂနှင့်မင်းခအား တိမ်ယံရှင်း ငေးကြည့်နေရင်းမှ သူ၏မျက်လုံးများ ပြူးကျယ်သွားရသည်။ 

"ရှင်းငယ်"

ဘေးမှ သူရဇ္ဇ၏ အသံကိုကြားမှ သတိပြန်ဝင်လာ၏။

"အာ...အင်း"

"ဘာတွေငေးနေတာလဲ"

"အိမ်ရောက်ရင်ပြောပြမယ်"

သူရဇ္ဇက ခေါင်းသာညိတ်ပြကာ အိတ်ကပ်ထဲမှ မီးခြစ်အားထုတ်ပြီး သစ်သားအိမ်လေးနှင့် အိမ်ထဲရှိအလောင်းများကိုပါ မီး‌ရှို့ဖျက်ဆီးလိုက်တော့၏။
* * * * * * * * * *
ဘုတ်!!

"အင့်"

နက္ခတ်က သူ့ပုခုံးပေါ်ထမ်းတင်လာသည့် ဆည်းဆာအား သလွန်ပေါ်ပစ်ချလိုက်ခြင်းဖြစ်၏။ အသင့်စောင့်နေသည့် အိမ်တော်ထိန်း ရုဒ္ဒါက ဆည်းဆာ၏ ခြေထောက်များအား သံကြိုးဖြင့်ခတ်ကာ သံကြိုးတစ်ဖက်အစွန်းအား ကျွန်းတိုင်ကြီးတွင် ချည်နှောင်ထားလိုက်သည်။ ဆည်းဆာအား ချုပ်နှောင်ပြီးသည်နှင့် ရုဒ္ဒါက ခပ်သုတ်သုတ် ပြန်ထွက်ကာ တံခါးပိတ်သွား၏။

Crimson Book[Ongoing]Where stories live. Discover now