Part-3

788 58 0
                                    

‌[Unicode]
အမှောင်ထုတွင်းမှ အနီရောင်မျက်လုံးများအား စတင်သတိထားမိသူကတော့ ဆည်းဆာဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမဲလိုက်သမားများ၏ သွေးဆာနေသည့် အငွေ့အသက်ကိုခံစားမိလိုက်သည်။ သားကောင်ကတော့ သူတို့ငါးဦးပင်။

"ကိုကြီး ဟိုမှာ..."

ဆည်းဆာ စကားပင်မဆုံးလိုက်။ အနီရောင်မျက်လုံးပိုင်ရှင်များက မြေပုံတစ်ခုနှင့် အလုပ်ရှုပ်နေကြသည့် သုံးဦးအား ခုန်အုပ်ကာ အမဲဖျက်တော့၏။ သွေးများ မြင်မကောင်းအောင် ပန်းထွက်လာပြီး ကိုယ်လက်အစိတ်အပိုင်းများ အသားစများက မျက်စိတစ်မှိတ်အတွင်း ပြန့်ကျဲကုန်၏။

မင်းခနှင့် ဆည်းဆာမှာ မျက်စိရှေ့မှမြင်ကွင်းအား ကြက်သေသေကာ ငေးကြည့်နေမိကြသည်။ မြင်ကွင်းမှာ သွေးပျက်ထိတ်လန့်ဖွယ်အတိပင်။

'အနီရောင်မျက်လုံးတွေ...ဘာကောင်တွေလဲ၊ ဝံပုလွေအုပ်စုလား၊ ဒီတောထဲမှာ ဝံပုလွေမှမရှိနိုင်တာ မဟုတ်ဘူး...ဒါက...´

မင်းခ အတွေးများစွာဖြင့် ရှုပ်ထွေးနေသည်။  သွေးဆာနေသည့် သတ္တဝါများထဲမှ တစ်ကောင်က မတ်တပ်ထရပ်ကာ သူတို့ဘက်ကို လှမ်းကြည့်လာ၏။
မီးပုံမှ အလင်းရောင်၏ အကူအညီဖြင့် ထိုသတ္တဝါ၏ မျက်နှာအား သေချာစွာ မြင်လိုက်ရသည်။
သွေးစွန်းနေသည့် နှုတ်ခမ်းများအတွင်းမှ သွားစွယ်များပေါ်သည်အထိ ပြုံးပြလာသည့် လူတစ်ဦး။
ထိုသူ၏ အပြုံးမှာ ဖော်ရွေခြင်းမရှိ။ နတ်ဆိုးဆန်စွာ ခြိမ်းခြောက်နေသည့် အပြုံးမျိုးပင်။

ထိုသူက အသက်မဲ့စွာ ပြုံးနေရင်း မင်းခအား ခုန်အုပ်အမဲဖျက်ရန် ပြေးဝင်လာ၏။
ထိုသူအား တစ်စုံတစ်ဦးက ဝင်ရောက်တားဆီးလိုက်သည်။

"ပြေးတော့...ဒီကနေ...ပြေးနိုင်သမျှမြန်မြန်ပြေး"

ဆည်းဆာ၏ အသံကြားမှ မင်းခ သတိပြန်ဝင်လာသည်။

"ဆည်းဆာ...နင်ဘာလုပ်တာလဲ"

ဆည်းဆာက ထင်းခြောက်များထဲမှ အတန်အသင့်ကြီးမားသည့် တစ်ခုကိုယူကာ မင်းခအားအမဲဖျက်တော့မည့် သွားစွယ်များကို ကာဆီးထား၏။

Crimson Book[Ongoing]Where stories live. Discover now