Part-26

223 21 9
                                    

[Unicode]
ရွှေပိုးဖြူက မင်းနေပြည်တော်မရောက်မီ နက္ခတ်နှင့်သူမစတင်ဆုံတွေ့ခဲ့သည့် တောအုပ်၏ တောစပ်တွင် မြင်းအားအရှိန်လျှော့ကာ အောက်သို့ခုန်ဆင်းလိုက်ရင်းမှ သူမ၏မျက်ရည်များအား လက်တစ်ဖက်ဖြင့်သုတ်လိုက်သည်။ ဦးတောက်ထိန်က ရွှေပိုးဖြူအနားကပ်လာကာ နှစ်သိမ့်စကားဆိုလိုက်၏။

"မငိုပါနဲ့ကွယ်၊ နယ်စားမင်းက အခုလိုစီစဥ်ရတာ အကြောင်းတစ်ခုခုရှိလို့ဖြစ်မှာပါ"

"မဟုတ်တာ ဦးကြီးရယ်၊ သူ့မှာ ကျွန်မကိုနှင်ထုတ်စရာ ဘာအကြောင်းရှိလို့လဲ"

ရွှေပိုးဖြူက အဝေးတစ်နေရာတွင် ကျန်ခဲ့ပြီဖြစ်သည့် နက္ခတ်၏ မြို့တော်ကြီးအား ငေးကြည့်လိုက်မိသည်။ ကြည့်နေရင်းမှ တစ်စုံတစ်ရာအား သတိထားမိကာ မျက်မှောင်ကြုံ့လိုက်သည်။ ကောင်းကင်တွင် လိပ်၍ လိပ်၍တက်လာသည့် မီးခိုးများ။
ထိုမီးခိုးများက နက္ခတ်၏ မြို့တော်ကြီးရှိရာမှ ကောင်းကင်ထက်သို့ တက်နေခြင်းဖြစ်သည်။ မီးခိုးပမာဏကိုကြည့်ခြင်းအားဖြင့် လောင်သည့်မီးမှာ သာမန်လောင်မီးမျိုးမဟုတ်မှန်း မှန်းဆ၍ရသည်။

"ဒါသာမန် လောင်တဲ့မီးမျိုးမဟုတ်ဘူး"

ထို့နောက် နက္ခတ်နှင့်ဒေဝ အခြေအတင်ဖြစ်ခဲ့ကြသည့်ညမှ အဖြစ်အပျက်များအားနှင့် ဒေဝကြုံးဝါးခဲ့သည့်စကားများအား ပြန်လည်အမှတ်ရသွားသည်။

"ဒါ..ဒါက..."

နက္ခတ်၏ မြို့တော်ထံသို့ပြန်လှည့်ရန် မြင်းပေါ်ခုန်တက်မည်ပြုနေသည့် ရွှေပိုးဖြူအား ဦးတောက်ထိန်က ဆွဲထားလိုက်ရ၏။

"မမီတော့ဘူး၊ အခုသွားရင် မင်းသမီးလေးပါ အသက်ဆုံးရလိမ့်မယ်"

"လွှတ်ပါ...ကျွန်မပြန်သွားမှဖြစ်မယ်"

"စိတ်ထိန်းပါဦး ဦးကြီးတို့က ဘာမှမတတ်နိုင်ဘူးလေ"

ရွှေပိုးဖြူက မြေပြင်တွင် ထိုင်ချကာ တအိအိရှိုက်ငိုနေ၏။ ဦးတောက်ထိန်က ရွှေပိုးဖြူဘေးတွင် ထိုင်ချကာ ခါးတွင်ချိတ်ထားသည့် အိတ်တစ်လုံးအား ဖွင့်ပြလာ၏။

"ဒါတွေက မင်းသမီးလေးအတွက် နယ်စားမင်းပေးခဲ့တာ"

".........."

Crimson Book[Ongoing]Where stories live. Discover now