[Unicode]
စစ်မြေပြင်တစ်နေရာတွင်ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ထိုးခုတ်တိုက်ခိုက်သံတို့ဖြင့် ဆူညံလျက် လေထုထဲတွင်လည်း သွေးညှီနံ့လှိုင်လှိုင်ထနေလေ၏။ရန်သူဘက်မှ တပ်မှူးတစ်ယောက်က ရွှေပိုးဖြူ၏ ဦးရီးတော် လက်ဝဲစစ်သူကြီးအား ဖမ်းဆီးရမိကာ ထိုနေရာတွင်ပင် ခေါင်းဖြတ်၍ သတ်ဖြတ်လိုက်သည်။
သူ၏ သားဖြစ်သူ အသတ်ခံလိုက်ရသည်ကိုမြင်သည့် စစ်သူကြီးချုပ်သုန္ဒရမှာ တောက်တစ်ချက်ပြင်းစွာခေါက်ပြီး လက်ထဲမှဓားအားကျစ်ကျစ်ပါအောင်ဆုပ်လျက် သူ့ရှေ့ရှိရန်သူတို့အား ပိုမိုအားစိုက်တိုက်ခိုက်လေ၏။
သုန္ဒရ၏အနောက်ဘက်မလှမ်းမကမ်းတွင်တော့ မြေးဖြစ်သူ ရွှေပိုးဖြူက လေးနှင့်မြှားကို ကိုင်စွဲလျက် သူ့ထံပြေးဝင်လာသည့် ရန်သူများအား အဆက်မပြတ်ပစ်ခတ်လျက်ရှိသည်။ရန်သူတစ်ယောက်လျှင် မြှားတစ်စင်းစီဖြင့်သာ ကိစ္စတုံးပစ်နိုင်သည့် မြေးဖြစ်သူအားကြည့်ပြီး သုန္ဒရစိတ်ထဲအားတက်လာရသည်။
"အဘိုး သတိထား"
ရွှေပိုးဖြူ၏ သတိပေးစကားဆုံးသည်နှင့် ရန်သူဘက်မှပစ်လွှတ်လိုက်သည့် မြှားတစ်စင်းက သုန္ဒရ၏ ဘယ်ဘက်ရင်အုံအတွင်း တည့်မတ်စွာ ဖောက်ဝင်သွားခဲ့သည်။
သုန္ဒရ လဲကျသွားပြီး ရွှေပိုးဖြူက အပြေးအလွှားရောက်လာကာ အဘိုးဖြစ်သူအား ပွေ့ဖက်ထားလိုက်သည်။"အဘိုး...အဘိုးမသေရဘူး၊ ဦးရီးတော်လည်းမရှိတော့ဘူး၊ သမီးကို သူများတွေအနိုင်ကျင့်ကြရင် ဘယ်သူ့ကိုအားကိုးရတော့မလဲ"
"ငါ့မြေးလေးကပဲဦးဆောင်ပြီး ဒီတိုက်ပွဲကို ဆက်တိုက်ပါ၊ အခုလို သန်သန်မာမာနဲ့ မျိုးရိုးဂုဏ်ကိုထိန်းသိမ်းနိုင်ခဲ့လို့ မြေးလေးအတွက် အဘိုးအမြဲဂုဏ်ယူနေမှာပါ"
သုန္ဒရကစကားတစ်လုံးချင်းစီ အားယူပြောရင်း ရွှေပိုးဖြူ၏လက်ပေါ်၌ပင် ဆုံးပါးသွားလေ၏။ ရွှေပိုးဖြူက အဘိုးဖြစ်သူ၏ အသက်မဲ့ခန္ဓာအားဖက်ကာ အားရအောင်ငိုချလိုက်သည်။ ထို့နောက် မျက်ရည်များအား လက်ခုံဖြင့်သုတ်လျက် အဘိုးဖြစ်သူအမြဲ ကိုင်ဆောင်လေ့ရှိသည့် ငှက်ကြီးတောင်ဓားရှည်အား ကောက်ယူလိုက်၏။ ထိုဓားကား ရွှေပိုးဖြူ၏ ဘိုးဘေးအစဥ်အဆက် စစ်သူကြီးများလက်ဆင့်ကမ်းခဲ့သည့် ဓားတစ်လက်ပင်ဖြစ်သည်။
YOU ARE READING
Crimson Book[Ongoing]
Fantasyဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ကြောင်း။ Started:1.7.2024 "ကိုယ့်ရဲ့အရှင် S-3" 📜Story Description📜 နမော်နမဲ့နိုင်လွန်းလှတဲ့MCတစ်ဦးဟာဆိုရင်ဖြင့် ရှေးဟောင်းစာအုပ်ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မတော်တဆလွှတ်ပေး...