Part-10

256 21 6
                                    

[Unicode]
ထိုစဥ် အောက်ထပ်မှ အာကာတက်လာကာ လှဲလျောင်းနေသည့် သူရိယဘေးတွင် ထိုင်ချလိုက်သည်။
"ကိုသူရိယ ကျုပ်တို့လမ်းဆင်းလျှောက်ရအောင်ဗျာ"

သူရိယ မျက်လုံးများဖွင့်ကာ အာကာအား ထူးဆန်းသလိုကြည့်လိုက်၏။
"ငါအိပ်နေတာ မမြင်ဘူးလား"

"လမ်းအတူလျှောက်ရင်း စကားလေးအေးအေးဆေးဆေးပြောချင်လို့ပါ"

"မနက်ဖြန်မှပြော"

"မနက်ဖြန်ဆို ကိုသူရိယက ကျုပ်ဆီကနေ အဝေးကြီးကိုထပ်ထွက်သွားဦးမှာ၊ ကျုပ်ကိုမသနားဘူးလား"

"မသနားပါဘူး"

သူရိယအနားတွင် ကလေးတစ်ယောက်လို တဂျီဂျီလုပ်နေသည့် အာကာကို အဂ္ဂက သနားလာသည့်ဟန်ဖြင့် ကူပြောပေးလိုက်သည်။ အာကာ၏ တတွတ်တွတ်ပြောစကားများကို နားညီးလာ၍လည်းဖြစ်နိုင်သည်။

"ခဏလောက်တော့အချိန်ပေးလိုက်ပါကွာ၊ သူလည်းပြောစရာတွေရှိမှာပေါ့"

အဂ္ဂ၏ တိုက်တွန်းချက်ကြောင့် သူရိယ သက်ပြင်းချကာ လှဲနေရာမှ ထထိုင်လိုက်သည်။
"မင်းတော်တော်သောက်လုပ်ရှုပ်တဲ့ကောင်"

သူရိယက အာကာအား မကျေမနပ်ရေရွတ်ရင်း အောက်ထပ်သို့ဆင်းသွား၏။ အာကာ၏ မျက်နှာမှာတော့ မှိုရသည့်နှယ် ဝင်းပနေ၏။ အဂ္ဂအား ကျေးဇူးတင်ကြောင်းပြသည့်အနေဖြင့် သွားအဖြီးသားဖြင့် ပြုံးပြသွားသေးသည်။

ဆည်းဆာကတော့ သူမ၏ အစ်ကိုအား ချော့မော့ကာ ဆေးတိုက်ရန်ကြိုးပမ်းနေ၏။
"အဲ့ဆေးကြီးက ခါးတယ်၊ မသောက်ချင်ဘူး"

"ဒါဘာဆေးလဲ သိလို့လား"

"မသိဘူး သိလည်းမသိချင်ဘူး၊ ခါးတာပဲသိတယ်"

ဆည်းဆာက ဆေးလုံးလေးများအား မြှောက်ပြရင်း တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။
"ဒါကို ရုပ်ချောစေတဲ့ဆေး လို့ခေါ်တယ်၊ ကိုကြီးမသောက်ချင်ရင် ဟိုမှာထိုင်နေတဲ့ လူကို တိုက်လိုက်မယ်"

ထိုအခါမှ မင်းခကမဝံ့မရဲဖြင့် ဆေးလုံးလေးများကိုတစ်လှည့် အဂ္ဂကိုတစ်လှည့်ကြည့်နေလေ၏။
"ဒါသောက်ပြီးရင် တကယ်ရုပ်ချောမှာလား"

Crimson Book[Ongoing]Where stories live. Discover now