Part-22

104 13 7
                                    

[Unicode]
တစ်ခုသော ညဘက်တွင် ရွှေပိုးဖြူက ကိုယ်လက်သန့်စင်ပြီး ညအိပ်အဝတ်အစားလဲဝတ်ရန် သူမကိုယ်ပေါ်မှ အဝတ်များအား ချွတ်ရန် ပြင်လိုက်သည်။ တစ်နေကုန် တစ်နေခမ်း ဦးရီးတော် လက်ဝဲစစ်သူကြီးထံမှ ဓားရေးလှံရေးများကို သင်ယူနေသဖြင့် ညအချိန်မှသာ ရေချိုးသန့်စင်နိုင်၏။ ထိုစဥ် နောက်ကျောဘက်မှ တံခါးဖွင့်သံကြားရပြီး ရာဇာသက္ကဝင်လာခဲ့၏။ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ရာဇာသက္ကကြောင့် ချွတ်ရန်ပြင်နေသည့် အဝတ်အစားတို့အား ပြန်ပြင်ဝတ်လိုက်သည်။

"အစ်ကိုတော် ညကြီးအချိန်မတော် ဘာလာလုပ်တာလဲ"

"သန်ဘက်ခါဆိုရင် ပိုးဖြူလေးကို ဇေယျမင်းသျှင်ဆီ ဆက်သရတော့မယ်၊ ပိုးဖြူလေးကို တခြားသူလက်ထဲ အပါမခံနိုင်ဘူး"

ရာဇာသက္ကက ပြောရင်းဆိုရင်းဖြင့် သူ၏နောက်ကျောဘက်မှ တံခါးအား ပိတ်လိုက်၏။ တစ်ဆက်တည်း အပြင်ဘက်မှ တံခါးမင်းတုံးချသံကိုပါ ကြားလိုက်ရသည်။

"ပိုးဖြူလေးကို မပိုင်ဆိုင်ရရင်ဆိုတဲ့ အတွေးနဲ့ တကယ်ရူးတော့မလို ခံစားနေရတယ်"

ရုတ်တရက် သူမအား သလွန်ထက်တွန်းလှဲကာ အပေါ်မှအုပ်မိုးလာသည့် ရာဇာသက္ကအား လက်စွဲတော်ဓားမြှောင်ဖြင့် တိုက်ခိုက်လိုက်၏။

"အား..."

ရာဇာသက္ကက သွေးများစီးကျလာသည့် သူ၏ပါးပြင်မှ ဓားဒဏ်ရာအား အုပ်ကိုင်ကာ နောက်သို့ဆုတ်သွားစဥ် ရွှေပိုးဖြူက ထိုသူအား တွန်းထုတ်ကာ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးသွားတော့သည်။

သူမ၏နန်းဆောင်အတွင်းရှိ ရာဇာသက္ကလက်ထဲမှ ‌ထွက်ပြေးလာရင်း ဦးရီးတော်ရှိရာ နန်းဆောင်သို့ အပြေးလာခဲ့၏။ ထိုနန်းဆောင်တွင် အဘိုးဖြစ်သူ စစ်သူကြီးချုပ်နှင့် ဦးရီးတော် လက်ဝဲစစ်သူကြီးတို့ နေထိုင်ကြသည်။
ရွှေပိုးဖြူက ဘုရင်မင်းမြတ် အားကိုးအားထားပြုရသည့် စစ်သူကြီးမျိုးရိုးမှ ဖြစ်လေသည်။

"သမီးလေး ဘာဖြစ်လာတာလဲ၊ အဘိုးကိုပြော၊ ငါ့မြေးကို ဘယ်သူဘာလုပ်လိုက်တာလဲ"

ရွှေပိုးဖြူက ရာဇာသက္က သူမအားပြုမူပုံများကို အဘိုးဖြစ်သူအားပြောပြရာ အဘိုးဖြစ်သူက ခုံအားလက်သီးဖြင့် ဒုန်းခနဲမြည်အောင် ထုချလိုက်သည်။ ထို့နောက် လက်စွဲတော် ငှက်ကြီးတောင်ဓားအား စွဲကိုင်လျက် ထရပ်လိုက်သည်။

Crimson Book[Ongoing]Where stories live. Discover now