Part-8

268 26 7
                                    

[Unicode]
ဆည်းဆာသည် Andreyအိမ်တော်တွင် နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ရာ အိမ်သားများနှင့် အတော်အသင့်ရင်းနှီးနေပြီဖြစ်၏။
အိမ်ကိုရောက်ခါစတွင်တော့ တိမ်ယံရှင်းအား အနည်းငယ်ကြောက်လန့်နေပုံပေါ်သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ထိုအိမ်ကြီးအား သူမအိမ်ကဲ့သို့ သဘောထားနေသည့်အတိုင်းပင်။

တိမ်ယံရှင်းသည်လည်း ဆည်းဆာအား ညီမတစ်ယောက်ကဲ့သို့ သဘောထားကာ စောင့်ရှောက်နေဟန်ရှိသည်။ သူမအား နက္ခတ်ထံသို့ ‌ပါမသွားစေရန် သူ့အနေနှင့် အစွမ်းကုန် ကာကွယ်ရပေမည်။

ယခုမနက်တွင်တော့ ဆည်းဆာက မင်းဆက်အား ခြံထဲ၌ နှင်းဆီပင်များစိုက်ပျိုးရန် ကူညီနေ၏။ အိမ်ထဲမှထွက်လာသည့် တိမ်ယံရှင်းကို မြင်သည်နှင့် အပြေးလေးသွားကာ တိမ်ယံရှင်း၏ လက်မောင်းအား ကလေးတစ်ယောက်ကဲ့သို့ ဖက်တွယ်လိုက်သည်။

"ကိုကြီးတိမ်ယံ...ဒီဒီအပြင်ထွက်ချင်တယ်"

ဆည်းဆာက သူမ၏ အိမ်နာမည်အား နာမ်စားသုံးကာပြောလိုက်၏။
အမှန်စင်စစ် ကလေးစိတ်မကုန်သေးသဖြင့် ယခုကဲ့သို့ ပြုမူနေခြင်းကို သိသော်ငြား သူရဇ္ဇစိတ်ထဲတွင်တော့ နည်းနည်းလေးမှ မကျေနပ်ပေ။

"လက်ဖယ်"

သူရဇ္ဇ၏ အေးတိအေးစက် စကားသံကြောင့် ဆည်းဆာလက်ကိုရုတ်ကာ နောက်သို့ခြေတစ်လှမ်းဆုတ်သွား၏။
ပင်ကိုယ်စိတ်ရင်းက ပျော်ပျော်နေတတ်သည့် တိမ်ယံရှင်းနှင့် ခင်မင်ရင်းနှီးလွယ်သော်လည်း အနေအေးကာ စကားနည်းသည့် သူရဇ္ဇကိုတော့ ကြောက်သည်။

တိမ်ယံရှင်းက ဆည်းဆာ၏ ခေါင်းမှဆံပင်များအား လက်ဖြင့်လှမ်းဖွလိုက်၏။
"ဘာကိုအပြင်ထွက်မှာလဲ၊ အိမ်ထဲမှာပဲနေ"

"ဟာကွာ...ပျင်းစရာကြီးကို"

"ပျင်းရင် တိမ်တိုက်နဲ့ဆော့"
တိမ်ယံရှင်းက အမွေးလုံးကဲ့သို့ သူ၏ယုန်ဖြူကြီးအား လက်ညှိုးထိုးပြကာ ဆိုလိုက်၏။

ထိုစဥ်တွင် ခြံထဲသို့ ကားနှစ်စီးဆိုက်ရောက်လာ၏။ တစ်စီးမှာ အဂ္ဂ၏ကားဖြစ်ပြီး နေ့စဥ်လုပ်နေကျအလုပ်ကိစ္စအတိုင်း အိမ်တော်သို့လာခြင်းဖြစ်သည်။ တစ်စီးမှာတော့ တိမ်ယံရှင်း၏ ညီဖြစ်သူ သူရိယ ဖြစ်၏။ သူရိယနှင့်အတူ သတင်းစကားတစ်ခုလည်း ပါလာသည်။

Crimson Book[Ongoing]Where stories live. Discover now