Part-4

694 57 0
                                    

[Unicode]
နေရာအနှံ့တွင် ထွန်းညှိထားသောကြောင့် ထိန်လင်းနေသည့် မီးတုတ်အလင်းရောင်အောက်တွင် ကောင်လေးက ဆည်းဆာအား  စံအိမ်ကြီးတစ်လုံးဆီသို့ ခေါ်သွား၏။ အိမ်ဆောက်ထားပုံမှာ နန်းဆောင်တစ်ခုနှင့်ပင် ဆင်တူနေသယောင်။

ဆည်းဆာကိုယ်တိုင်လည်း သူမကိုယ်သူမ ဘယ်နေရာရောက်လို့ရောက်နေမှန်းမသိပေ။
ကောင်လေး၏ ဦးဆောင်မှုဖြင့် စံအိမ်ကြီး၏ အပေါ်ထပ်သို့ရောက်ခဲ့၏။ ကောင်လေးက အခန်းတစ်ခန်းရှေ့ရောက်တော့ တံခါးကို ဖွင့်လိုက်သည်။

"ဒီအခန်းက သင်နေရမယ့်နေရာပဲ၊ တစ်ခုခုအလိုရှိရင် စားပွဲပေါ်မှာရှိတဲ့ ခေါင်းလောင်းလေးကို လှုပ်ခါလိုက်ပါ၊ကျုပ်က ဒီစံအိမ်တော်ကြီးရဲ့ အိမ်တော်ထိန်း ၊ ကျုပ်ရဲ့အမည်က ရုဒ္ဒါ"

သူပြောချင်တာ ပြောပြီး ထွက်သွားတော့မလိုလုပ်နေသည့် ရုဒ္ဒါအား အမြန်တားလိုက်ရသည်။ အနည်းဆုံးတော့ ဘယ်နေရာရောက်နေသလဲ ဆိုတာ သိချင်သည်။

"ခဏလေးနေပါဦး...ဒါကဘယ်လိုနေရာလဲ"

ရုဒ္ဒါက သွားစွယ်ဖွေးဖွေးလေးများပေါ်အောင်ပြုံးပြလိုက်ပြီး "သခင်ကြီးပြောပြလိမ့်မယ်" ဟု ခပ်ပြတ်ပြတ်သာပြောကာ လှစ်ခနဲပြေးထွက်သွားတော့၏။

"ဒီကလူတွေက ပြောချင်တာပြောပြီး ထွက်ပြေးရတာ ဝါသနာပါကြတာလား"

ဆည်းဆာက အခန်းတွင်းသို့ဝင်ကာ တံခါးကို ဂျိန်းခနဲမြည်အောင်ပိတ်လိုက်သည်။ နှုတ်မှလည်း တီးတိုးရေရွတ်ရင်း ရုဒ္ဒါအား မေတ္တာပို့နေသေး၏။

အခန်းထဲတွင် ဆီမီးခွက်များ ထွန်းညှိထားသည်။ အနီရောင်ကတ္တီပါအခင်း ခင်းထားသည့် သလွန်တစ်ခုရှိသည်။ သလွန်အနီး စားပွဲပေါ်တွင် ငွေခွက်တစ်လုံးနှင့်ထည့်ထားသည့် သွေးများ။ တိရစ္ဆာန်သွေးလား လူသွေးလားတော့ ခွဲခြား၍မရပေ။ တစ်စုံတစ်ယောက် သောက်ထားသည်ဖြစ်မည် ခွက်တစ်ဝက်ခန့်လျော့နေသည်။

ထိုသွေးများကိုကြည့်ကာ အန်ချင်လာသလို ပျို့တက်လာသဖြင့် အမြန်အကြည့်လွှဲလိုက်ရသည်။ ဆည်းဆာက တော်ရုံတန်ရုံကြောက်တတ်သည့်သူမဟုတ်ပေ။ သို့သော် သွေးခွက်၊ ထူးဆန်းသည့်လူများ၊ မကောင်းဆိုးဝါးဆန်သည့်အပြုံးများကို တွေးကြည့်တော့ ကြက်သီးဖြန်းခနဲထလာပြီး ကျောရိုးထဲက စိမ့်လာသည်။

Crimson Book[Ongoing]Where stories live. Discover now