Part-20

187 22 13
                                    

[Unicode]
နက္ခတ်၊သူရဇ္ဇနှင့် တိမ်ယံရှင်း တို့၏ စိတ်အာရုံတွင် အတိတ်တစ်ချိန်က ဖြစ်ရပ်များက တဖြည်းဖြည်းပေါ်ပေါက်လာခဲ့တော့သည်။

"မင်းသမီးလေး...အရှင်မင်းမြတ်က အခေါ်တော်လွှတ်လိုက်ပါတယ်"

ဘုရင်မင်းမြတ်၏ အမိန့်တော်ဖြင့် ရောက်လာကြသည့် စစ်သည်နှစ်ဦး၏ စကားကြောင့် မင်းသမီး ရွှေပိုးဖြူက တင်ထားသည့်လေးကြိုးကိုလျှော့ကာ ထိုသူတို့အား လှည့်ကြည့်လိုက်သည်။

"အခုလိုက်ခဲ့ရမှာလား"

"မှန်ပါ့"

ရွှေပိုးဖြူက လေးနှင့်မြှားကို သူမ၏ ရံရွေတော်များထံပေးခဲ့ကာ စစ်သည်တော်နှစ်ဦးနှင့်အတူ ဘုရင်မင်းမြတ်၏ နန်းဆောင်သို့ ထွက်လာခဲ့၏။
ဘုရင်မင်းမြတ်၏ နန်းဆောင်ထဲသို့ အရောက်တွင် ဖခင်ဘုရင်ကြီးအားတွေ့လိုက်ရသည်။ သူ၏ညာဘက်တွင်တော့ သားတော်ကြီးဖြစ်သူ ရာဇာသက္ကထိုင်နေ၏။ ဘယ်ဘက်တွင်တော့ သမီးတော် ရှင်ယမင်းဖြူက စောင်းတစ်လက်ကိုပိုက်လျက် ပျော့ပျောင်းညင်သာစွာ တီးခတ်လို့နေသည်။

ဘုရင်ကြီးက ရွှေပိုးဖြူအား တွေ့သည်နှင့် သက်ပြင်းတစ်ချက် လေးပင်စွာချကာ...

"သမီးတော်ငယ် လေးအတတ်ကို လေ့ကျင့်နေပြန်တယ်လို့ ဖခမည်းတော်ကြားသိရတယ်၊ စစ်ရေးလေ့ကျင့်တယ်ဆိုတာ ယောကျ်ားသားတွေရဲ့ အလုပ်ပါ၊ သမီးတော်က သင့်ရဲ့အစ်မတော်လို အမျိုးသမီးတို့တတ်အပ်တဲ့ ပညာတွေကိုပဲ သင်ယူသင့်တယ်"

ဖခင်ဘုရင်ကြီး၏ စကားဆုံးသည်နှင့် ရွှေပိုးဖြူက အစ်မတော် ရှင်ယမင်းဖြူအား တစ်ချက်လှမ်းကြည့်လိုက်သည်။
ဘုရင်မင်းမြတ်က သူ၏ရှေ့က သားမွေးဖြင့် ပြုလုပ်ထားသည့်အခင်းအားညွှန်ပြကာ...

"အရင်ထိုင်လိုက်ပါဦး"

ရံရွေတော်များက လက်ဖက်ရည်တစ်ခွက်အား ရွှေပိုးဖြူရှေ့၌ ရို‌ကျိုးစွာ လာချပေးကြ၏။

"သမီးတော်ကို အခေါ်လွှတ်ရတာ တာဝန်ပေးစရာတစ်ခုရှိလို့ပါ"

"မိန့်တော်မူပါ ဖခမည်းတော်"

"ဖခမည်းတော်တို့ တိုင်းပြည်က အင်အားကြီးတိုင်းပြည်တစ်ခုဆိုပေမယ့် တစ်ပါးသူတွေ စစ်ခင်းကျူးကျော်လာရင် ဖခမည်းတော်တို့ဆီမှာ ခုခံဖို့အင်အားအလုံအလောက်မရှိဘူး၊ အခုချိန်က ပြည်ထောင်အသီးသီးမှာ စစ်မက်တွေဖြစ်ပွားနေကြတာ သမီးတော်အသိပဲလေ၊ အင်အားကြီးတိုင်းပြည်တစ်ခုနဲ့ မဟာမိတ်ဖွဲ့ဖို့က အရေးကြီးတယ်၊ ဇေယျမင်းသျှင်ဆီမှာ သမီးတော်ကိုဆက်သရင် သူတို့တိုင်းပြည်က စစ်အင်အားအကူအညီရလိမ့်မယ်၊ ပြီးတော့..."

Crimson Book[Ongoing]Where stories live. Discover now