[Unicode]
အတိတ်မှမြင်ကွင်းတို့ကာ ဝေဝါးကာ ပျောက်ကွယ်သွားလေပြီ။ ဆည်းဆာ၏နဖူးအား အုပ်ကိုင်ထားသည့် နက္ခတ်၏လက်ချောင်းများက တဆတ်ဆတ်တုန်ယင်နေပြီး သူ၏ပါးပြင်ပေါ်တွင် မျက်ရည်တို့ စီးကျလို့နေ၏။ ဆည်းဆာကတော့ နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ မနိုးထလာသေးပေ။"ကျုပ်...ဒါ...ဒါတွေအကုန်လုံးကို မေ့နေခဲ့တာ"
အဖြစ်အပျက်အလုံးစုံကို သိမြင်လိုက်ရသည့် တိမ်ယံရှင်းတို့က နက္ခတ်အား သနားကရုဏာသက်စွာ ကြည့်လို့နေသည်။ ထိုစဥ် သူရဇ္ဇ၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
"နတ်မိစ္ဆာအရှင်က ဒီဒီ့ကိုချစ်ခဲ့တယ်ဆိုပြီး ဘာလို့ မြင်မြင်ချင်းမမှတ်မိရတာလဲ"
သူရဇ္ဇ၏ အလိုက်ကန်းဆိုးမသိသည့် အမေးကြောင့် တိမ်ယံရှင်း မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
"ခင်ဗျားကရော ကျွန်တော့်ကိုပြန်တွေ့တုန်းက ချက်ချင်းမှတ်မိခဲ့လို့လား၊ ဂုတ်ချိုးသတ်ခဲ့ပြီးတော့များ"
".........."
တိမ်ယံရှင်း၏ မချေမငံစကားကြောင့် သူရဇ္ဇပြောစရာစကားများ ပျောက်ရှသွားရသည်။ အခန်းတွင်းရှိလေထုက ခေတ္တမျှငြိမ်သက်သွား၏။
ထိုစဥ် ငြိမ်သက်၍အိပ်မောကျနေသည့် ဆည်းဆာက လှုပ်ရှားလာ၏။ သူမမျက်လုံးများကို လက်ဖမိုးတို့ဖြင့် ပွတ်သပ်လိုက်ပြီး သမ်းဝေနေ၏။ သူမ၏ဘေးတွင်ထိုင်နေသည့် နက္ခတ်၊သူရဇ္ဇနှင့် တိမ်ယံရှင်း တို့အား ကြည့်ကာ..."အိပ်မက်အရှည်ကြီး တစ်ခုမက်ခဲ့တယ်"
ဆည်းဆာ၏ စကားကြောင့် နက္ခတ်မျက်လုံးများပြူးကျယ်သွားရသည်။ တိမ်ယံရှင်းနှင့် သူရဇ္ဇ၏ မျက်လုံးများထဲတွင်လည်း စိတ်ဝင်စားမှုကြောင့် အရောင်လက်နေ၏။
"အိပ်မက်ထဲမှာ..."
ဆည်းဆာက ပြောမည့်စကားကို ခေတ္တရပ်တန့်လိုက်ပြီး အညောင်းဆန့်နေ၏။ ထို့နောက် ပြောမည့်ဟန်ပြင်ပြီးမှ...
"ဘာမှမဟုတ်တော့ဘူး"
လွန်စွာမှသိချင်နေသည့် ထိုသူတို့ခမျာ အောင့်သက်သက်ဖြစ်သွားရရှာသည်။
ထို့နောက် ဆည်းဆာက အိပ်နေရာမှထကာ အကြောဆန့်လိုက်ပြီး အခန်းထဲ ဝေ့ဝဲကြည့်ရှုနေ၏။ ထိုအခန်းသည်ကား မင်းသမီးရွှေပိုးဖြူအား မကွပ်မျက်မီ ချုပ်နှောင်ခဲ့သည့် မြေအောက်အကျဥ်းတိုက်ပင်ဖြစ်သည်။
YOU ARE READING
Crimson Book[Ongoing]
Fantasyဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးသက်သက်မျှသာဖြစ်ကြောင်း။ Started:1.7.2024 "ကိုယ့်ရဲ့အရှင် S-3" 📜Story Description📜 နမော်နမဲ့နိုင်လွန်းလှတဲ့MCတစ်ဦးဟာဆိုရင်ဖြင့် ရှေးဟောင်းစာအုပ်ထဲမှာချုပ်နှောင်ခြင်းခံထားရတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို မတော်တဆလွှတ်ပေး...