Part-24

209 21 12
                                    

[Unicode]
နက္ခတ်၏ စံအိမ်တော်ကြီးထဲတွင် စစ်သူကြီးချုပ်သုန္ဒရအား ရှင်းပစ်နိုင်ခဲ့သဖြင့် လူတစ်စု အောင်ပွဲခံနေကြ၏။ ထိုလူစုတွင် ရွှေပိုးဖြူတို့၏ တိုင်းပြည်အား သိမ်းပိုက်လိုသည့် တစ်ဖက်တိုင်းပြည်မှ တပ်မှူးများ ပါဝင်နေခဲ့ကြသည်။ ထိုသူတို့က နက္ခတ်အား ရတနာအမြောက်အများပေးကာ စည်းရုံးသိမ်းသွင်းခဲ့ကြခြင်းဖြစ်သည်။

ထိုလူစုက သေရည်အရက်များ သောက်စားမူးယစ်လျက် တိုက်ပွဲအောင်နိုင်ခဲ့ပုံများကို အရသာခံကာ ပြောနေကြပြန်၏။ ထိုလူစုနှင့် မလှမ်းမကမ်းတွင် ရွှေပိုးဖြူအား ကြိုးများဖြင့် တုပ်နှောင်ထားလျက်ရှိသည်။

ရွှေပိုးဖြူက သူမတို့တိုင်းပြည်အား သစ္စာဖောက်သွားပြီး ထိုလူစုထဲတွင် ရောနှောကာ အောင်ပွဲခံနေသည့် နက္ခတ်ကိုကြည့်ကာ မျက်စောင်းတထိုးထိုး အံတကြိတ်ကြိတ်ဖြစ်‌နေလေ၏။

ထိုစဥ် ထိုလူစုထဲရှိ တစ်ဖက်တိုင်းပြည်မှ တပ်မှူးဖြစ်ဟန်တူသည့်သူက ရွှေပိုးဖြူအား ရမ္မက်ခိုးဝေးနေသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ နက္ခတ်အားစကားဆိုလိုက်သည်။

"နယ်စားမင်း...ဒီကအလှလေးကို ဒီတိုင်းထိုင်ကြည့်နေတော့မှာလား၊ ပျော်စရာလေးနည်းနည်းလောက်ဖန်တီးကြရင် မကောင်းဘူးလား"

သူထို၏စကားကို ငြိမ်လျက်နားထောင်နေသည့် နက္ခတ်၏ မျက်နှာထက်တွင် အလိုမကျဟန်တို့ ထင်ဟပ်နေသည်။ ဤသည်ကို ထိုသူက သတိမထားမိဘဲ သူပြောချင်ရာသာ ပြောနေလေ၏။ သူတို့နယ်စားမင်းအကြောင်းသိသည့် နက္ခတ်၏လူများကတော့ ခေါင်းကြိမ်းလျက် ဘာဆက်ဖြစ်မလဲ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။

"နယ်စားမင်းတစ်လှည့် ကျုပ်တစ်လှည့်ပေါ့၊ ကျုပ်တို့ဆန္ဒပြည့်ဝသွားရင် ဒီကလူတွေကိုလည်း နည်းနည်းစီ မျှဝေကြတာပေါ့ ဟားဟားဟား"

ထိုသူနှင့်အပေါင်းအပါများ၏ သဘောတကျရယ်မောသံတို့အား ကျယ်လောင်လွန်းလှသည့် ဒုန်းခနဲ အသံတစ်ချက်က ဖြိုခွင်းလိုက်သည်။ စားပွဲခုံအား နက္ခတ်က သူ၏လက်ဝါးဖြင့် ကြမ်းတမ်းစွာ ရိုက်ချလိုက်ခြင်းပင်။

Crimson Book[Ongoing]Where stories live. Discover now