(၅၄)

1.9K 88 29
                                    

Unicode.........

မွှေးရနံ့ပျံ့ပျံ့ရှိနေသည့် အိပ်ယာပေါ် သုံးလေးပတ်လောက်လှိမ့်နေမိပြီး ဋိတ်အုံးအိပ်နေကျ ခေါင်းအုံးလေးကို ရင်ဝယ်ပိုက်ကာ မျက်နှာတစ်ခုလုံးနစ်ဝင်မတတ် နမ်းရှိုက်လိုက်မိသည်။ဋိတ်၏သင်းပျံ့နေသော ကိုယ်သင်းရနံ့က စိတ်ကိုကြည်လင်သွားစေသလို တစ်ဆက်တည်းမှာပဲ ပျော်ရွှင်စေသည်။လူတစ်ယောက်ရဲ့ ကိုယ်သင်းနံ့လေးကအစ မြတ်နိုးနေမိရင် အဆုံးအစမဲ့ဆိုသည့်စကားက အပိုဆိုဖွယ်မရှိပြန်ပေ။

နောက်ပိုင်းတွေဘာတွေဖြစ်လာမလဲမသိပေမယ့် ရင့်အခုလက်ရှိအချိန်လေးကို တန်ဖိုးထားချင်သည်။ရင့်အသုံးမကျလို့ဖြစ်ခဲ့ရသည့် ကိစ္စကိုတာဝန်ယူချင်သည်။ဋိတ်ကို လေးလေးနက်နက်တောင်းပန်ပြီး အရင်ကရှိရင်းစွဲ ရင့်၏နေရာလေးကိုပြန်လိုချင်မိသည်။

ဋိတ်နဲ့သာပြန်အဆင်ပြေမယ်ဆို ဋိတ်ပတ်သတ်သမျှ လူတိုင်းအပေါ် ရင့်သင့်သင့်မြတ်မြတ်နေနိုင်အောင်ကြိုးစားရလိမ့်မည်။ကောင်းသုခစံနဲ့ ငြိမ်းချမ်းရေးယူပြီး ဋိတ်အပေါ်ကောင်းပေးဖို့တောင်းဆိုမည်။ကောင်းသုခစံနဲ့တည့်အောင်နေပြီး ဋိတ်စိတ်ဆိုးမည့်ကိစ္စရပ်များကို တကယ်မလုပ်တော့မည်မှာ အသေအချာ။

နေ့လယ်ပိုင်းကတည်းက ဋိတ်၏အခန်းထဲရောက်နေမိသည်ဖြစ်ပြီး အိပ်ယာထဲလှိမ့်လိုက်၊အိပ်နေလိုက်လုပ်နေလိုက်တာနှင့်ပဲ ညနေစောင်းသွားလိုက်တာ မြန်မြန်ဆန်ဆန်။ဋိတ်ဘယ်အချိန်ပြန်လာမလဲ ရင့်မသိပေမယ့် စောင့်နိုင်သ၍တော့စောင့်ရဦးမှာပါဘဲ။

ရင့်ကနှင်လွှတ်လိုက်တဲ့သူမလား။ဦးညွှတ်ရမည့်အချိန်မှာ ရင့်က ပိုဝပ်တွားနေရမှာပေါ့၊ရင့်မှမှန်တာမလုပ်မိပါဘဲ။

လှဲရတာကြာလာတော့ ကျောညောင်းလာသည်မလို့ ဋိတ်၏စာကြည့်စားပွဲနားသွားကာ ဟိုဟိုဒီဒီလျှောက်ကြည့်နေလိုက်သည်။ကျောင်းစာအုပ်အချို့ကို စီစီရီရီတင်ထားသည့် ဋိတ်သည် စည်းစနစ်ကျစွာ သူ့နေရာနှင့်သူ အစီအစဉ်ကျနေသည့် စာအုပ်တွေက သပ်သပ်ရပ်ရပ်။လိုတာရှိရှာနေစရာမလိုအောင် သေချာစာရင်းချ စာအုပ်စီတတ်ပုံက အတုယူဖွယ်။ကိုယ်နဲ့ရင်းနှီးနေတဲ့စာအုပ်တွေပေမယ့် ပျင်းပျင်းရှိနေတာမို့ လှန်ကြည့်နေမိသည့်အခါ စာရွက်အလွတ်အောက်ဖျားပိုင်းလေးတွေမှာ ခဲပန်းချီလေးတွေနေရာယူနေသည်။လက်တစ်ဖက်၊ဖော့ဖယောင်းလေးသဖွယ်သွယ်လျနေတဲ့ လက်ဆစ်လှလှလေးနဲ့လက်တစ်ဖက်က ခန့်မှန်းမလွဲ ရင့်၏လက်ကလေး။ဘယ်လက်ကလေးကိုဖြန့်ကာ ခဲပန်းချီလေးနဲ့ယှဉ်တွဲလိုက်တော့ ပုံစံတူချွတ်စွတ်။မတူတာကတော့ ရင့်၏လက်ကလေးမှာ ဋိတ်ပေးထားသည့် လက်စွပ်လေးက လက်ညိုးလေးမှာဝတ်ထားလျက်ရှိပြီး ဘောပွဲလောင်းတာနိုင်သည့်အမှတ်တရအနေနှင့် ရင့်ဝယ်လာသည့် နာရီအနက်‌ကလေးရှိနေလေသည်။ပုံထဲမှာတော့ ဘာအဆင်တန်ဆာမှမပါသည့်ရိုးရှင်းနေသည့် လက်ချောင်းလေးတွေပါဘဲ။တိုးဖွဖွပင်ရေရွတ်မိသည်အထိ ဋိတ်ကတော်လွန်းသည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now