အခန်း (၁) – နင် လုပ်နိုင်ရင် လုပ်ကြည့်လိုက်လေ
ဗွမ်း...
ကျီကျောက်၏ မျက်နှာပေါ်သို့ ရေအေးတစ်ဇလုံ လောင်းချခံလိုက်ရသည်။ ကျီကျောက်သည် ချက်ချင်းလိုလို မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်သော လူစိမ်းများ၏ မျက်နှာများကို မြင်တွေ့လိုက်ရသည်။
ဒီလူတွေ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက ထူးဆန်းပြီး လူတိုင်းက သူမကို ဒေါသထွက်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။
ကျီကျောက်သည် သူမရဲ့ မနေနိုင်လောက်အောင် ကိုက်ခဲနေတဲ့ ခေါင်းကို ထိကြည့်လိုက်မိသည်။ ထိုအခါမှာတော့ သူမရဲ့ လက်ဖဝါးဟာ စေးကပ်သွားခဲ့ပြီး သူမ မြင်နိုင်တဲ့ နေရာတိုင်းမှာ သွေးတွေ စီးကျနေမှန်း သူမ သိလိုက်ရသည်။
"သူမ နိုးလာပြီ။ ဟေး... အားလုံး ကြည့်ကြချေ၊ ရှန်းမိသားစု စန်းလန်ရဲ့ ဇနီး နိုးလာပြီ။" တစ်စုံတစ်ယောက်သည် လှောင်ရယ်လိုသောလေသံဖြင့် အော်ပြောလိုက်သည်။
"ဆိုးရွားလိုက်တာ၊ သူမ ဒီလောက်မြင့်တဲ့ တောင်စောင်းပေါ်ကနေ လှိမ့်ချလိုက်တာကိုတောင် မသေသွားဘူးလား။ ကျွတ်စ်... ကျွတ်စ်..."
"ဟုတ်ပါ့၊ ဟုတ်ပါ့၊ သူမ ဘာဖြစ်လို့ မသေသွားတာလဲ။ ကောင်းကင်ဘုံက တကယ့်ကို မျက်စိကန်းနေတာပဲ။"
"ဒီလိုမျိုးတောင် ဖြစ်သွားခဲ့ပြီးပြီဆိုတော့၊ ရှန်းစန်းလန်က သူမကို လိုချင်ပါဦးမလား။"
"ထွီ... ငါတို့ရှန်းမိသားစုမှာ ဒီလို အရှက်မဲ့တဲ့ ချွေးမမျိုး မရှိဘူး။ ငါတို့ရဲ့ တတိယသားကို သူမကများ မထီမဲ့မြင်ပြုဝံ့တယ် ဟုတ်လား။" လူအုပ်ထဲက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က ခါးထောက်ရင်း နှာခေါင်းရှုံ့ကာ ကျိန်ဆဲလိုက်ပါတယ်။
"အဲ့လိုပဲ မဟုတ်လား။ ဒီကျီအာ့ထောင်က အရှက်ကင်းမဲ့လွန်းတယ်။ သူမက လက်ထပ်ပြီး ဒုတိယနေ့မှာတင် သူ့ချစ်သူကို လာခိုးခိုင်းစေချင်တယ်။ ဒါက ဝဋ်လည်တာပဲ မဟုတ်လား။ သူ့ချစ်သူက ချိန်းထားတဲ့နေရာကို လုံးဝ မရောက်လာခဲ့ဘူးလို့ ငါကြားတယ်။"