အခန်း (၂၀) – တောင်းပန်ပါတယ်၊ ကိုယ်မင်းကို အထင်လွဲသွားမိတယ်
"ဘာလဲ။ ဘာဖြစ်တာလဲ" ကျောက်လန်ဟွာသည် ကျီကျောက်၏ ထိတ်လန့်နေသော မျက်နှာအမူအရာကြောင့် မျက်လုံးပြူးကာ မေးလိုက်မိသည်။
"မြွေ..."
ကျီကျောက်သည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီးနောက် ကျောက်လန်ဟွာနှင့် တစ်လက်မမျှသာဝေးသော ချုံပုတ်ထဲတွင် အနီရင့်ရောင် အဆိပ်ပြင်းမြွေကြီးကို အကြည့်မလွဲစတမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်၊ "အမေ၊ မလှုပ်နဲ့။"
ကျောက်လန်ဟွာသည် အလွန်ထိတ်လန့်သွားပြီး အသက်ရှုရန်ပင် မေ့လျော့သွားခဲ့သည်။ သူမ၏ ချောမွတ်နေသော နဖူးပြင်ပေါ်မှ ချွေးသီးချွေးပေါက်ကြီးများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
ကျီကျောက်သည် အသက်ပြင်းပြင်းရှုရင်း စိတ်ခံစားချက်များကို ချိန်ညှိကာ ကျောက်လန်ဟွာ၏ လက်ထဲမှ တံစဉ်ကို လျှပ်စီးသမျှ အရှိန်ဖြင့် အဆိပ်ပြင်းမြွေကို အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။
"ကျီအာ့ထောင်၊ မင်း ဘာလုပ်နေတာလဲ။"
ရုတ်တရက် စူးရှသောအသံတစ်ခု သူမ နောက်ကျောဘက်ကနေ ကြားလိုက်ရသည်။ ကျီကျောက်၏ လက်က တုန်ယင်သွားပြီး သူမလက်ထဲက တံစဉ် နေရာရွေ့သွားခဲ့သည်။ သူမသည် မြွေ၏ အားနည်းချက်ကို ခုတ်မိရမယ့်အစား သူမ၏ လက်ကောက်ဝတ်ကို မြွေကိုက်ခံရလေ၏။
ရှူး...
သူမ၏ လက်ကောက်ဝတ်မှ ရုတ်တရက် နာကျင်မှုကြောင့် ကျီကျောက်တစ်ယောက် ပင့်သက်ရှိုက်မိသွားသည်။
ကျီကျောက်သည် သူမ၏ လက်ကောက်ဝတ်ရှိ အဆိပ်ပြင်းမြွေကို ဖယ်ထုတ်ရန် အသည်းအသန် ကြိုးစားခဲ့သည်။
အလျင်အမြန်ရောက်ရှိလာသော ရှန်းယောင်သည် ဤမြင်ကွင်းကိုမြင်လိုက်သောအခါ သူ့နှလုံးသား နစ်မြှုပ်သွားသည်။ သူက အခွင့်အရေးကို လျင်မြန်စွာ ဆုပ်ကိုင်ပြီး မြေ၏ အားနည်းချက်နေရာကို ဖမ်းဆုပ်လိုက်သည်။
"ကျွန်မ..." ကျီကျောက်သည် အကျိုးအကြောင်းကို ရှင်းပြခါနီးမှာ ရုတ်တရက် သူမ၏ အမြင်တွေ အမှောင်ကျသွားခဲ့သည်။ အဆုံး၌ သူမသည် မြေပြင်ပေါ် လဲကျသွားပြီး သတိလစ်သွားခဲ့သည်။