အခန်း (၄၀) - သဘောတူညီချက်
ကျီကျောက်တစ်ယောက် ခရိုင်မြို့သို့ တစ်ဖန်ပြန်ရောက်လာသောအခါ သူမ၏ စိတ်ခံစားချက်က လုံးဝ ကွဲပြားခြားနားနေ၏။
ဒီတစ်ခါတော့ သူမဟာ မျက်စိဖွင့်နားစွင့်ထားခဲ့သည်။
စီးပွားရေးလုပ်ဖို့အတွက် မဖြစ်မနေ လိုအပ်တာက ဈေးကွက်အခြေအနေကို စစ်တမ်းကောက်ယူပြီး ဈေးကွက်ပတ်ဝန်းကျင်ကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ပါပဲ။
သို့သော် လက်ရှိအခြေအနေအရ ခရိုင်မြို့သည် အရာရာတိုင်း ချို့တဲ့ရှားပါးနေသည်။
သူတို့ဆီမှာ ရနိုင်တာ အကုန်လုံးက အဆာပြေမုန့်မျိုးစုံပါပဲ။
"အာ့ထောင် ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ရုတ်တရက် မျက်မှောင်ကြုတ်သွားတာလဲ" ကျောက်လန်ဟွာက အရှိန်လျှော့ကာ ကျီကျောက်ကို ဘေးတစောင်းကြည့်ပြီး စိတ်ရှုပ်ထွေး၀စွာ မေးလိုက်မိသည်။
"အမေ တကယ်တော့ ကျွန်မ ဒီနေ့ ခရိုင်ကို လာရတဲ့ အကြောင်းရင်းတစ်ခု ရှိတယ်" ကျီကျောက်က ခါးသီးစွာ ပြုံးပြီး သူမစိတ်ထဲက အကြံအစည်ကို ပြောပြလိုက်သည်။
"နင် စီးပွားရေးလုပ်ချင်လို့လား"
"ဟုတ်ပါတယ်" ကျီကျောက်က ခေါင်းညိတ်လိုက်သည်။ "ကျီမိသားစုရဲ့ နည်းပါးလှတဲ့ ပိုင်ဆိုင်မှုကြောင့် ကျီချန်နဲ့ ကျွန်မ အနှေးနဲ့ အမြန်ဆိုသလို ငတ်သေလိမ့်မယ်၊ ဒါ့ကြောင့် ကျွန်မ အစီအစဉ်တွေကို ကြိုချထားချင်တယ်။"
"လာ နင်တို့ အကြီးဆုံးအစ်ကိုတို့ဆိုင်ကိုသွားပြီး သူ့ကို မေးကြည့်ရအောင်" ကျောက်လန်ဟွာက သူမကိုခေါ်ကာ ရှန်းမိသားစု အစာသွပ်ဆိုင်သို့ အရှိန်မြှင့်ပြီး သွားခဲ့လေသည်။
ထိုအချိန်တွင် ရှန်းတာ့လန်သည် ဧည့်သည်များကို ဧည့်ခံနေလေသည်။
ရှန်းမိသားစု၏ မုန့်အချိုများကို မြည်းစမ်းပြီးနောက် ဧည့်သည်က ခေါင်းခါလိုက်သည်။ "ဒါက ဆီများလွန်းတယ်။ ငါတို့သခင်မကြီးက အရသာပေါ့တဲ့ မုန့်တွေကို ကြိုက်တယ်။"
"အထွေထွေမန်နေဂျာချင် နောက်တစ်ခုလောက် စမ်းစားကြည့်ပါဦး" ရှန်းတာ့လန်သည် စိုးရိမ်တကြီး သူ့နဖူးပေါ်ရှိ ချွေးတွေကို သုတ်လိုက်မိသည်။ "ကျွန်တော်တို့ ရှန်းကျီဆိုင်က အစာသွပ်မုန့်တွေက ဈေးချိုပြီး အရသာရှိတယ်ဆိုတာ တင်းယွမ်ကောင်တီတစ်ခုလုံး သိကြတယ်။ ဘာဖြစ်လို့ နောက်တစ်ခုလောက် ထပ်မစားကြည့်ရတာလဲ။"