Ch-7

1.2K 123 0
                                    

အခန်း (၇) - ငါ မင်းအဖေ မဟုတ်ဘူး

"မီးဖိုချောင်ထဲက ကြက်စွပ်ပြုတ်နဲ့ ထင်းတွေကရော ဘာဖြစ်တာလဲ" သူမ၏ ရွှင်မြူးနေသော အမူအရာကိုကြည့်ရင်း ကျောက်လန်ဟွာက မျက်ခုံးတွေကို အနည်းငယ် ဖြေလျှော့ကာ တိုးတိုးလေး မေးလိုက်သည်။

"မနေ့က ဝက်စာမြက်တွေ စုဆောင်းဖို့ အနောက်တောင်ပေါ်ကို သွားခဲ့တယ်၊ အဲဒီမှာ တောကြက်ရိုင်းတစ်ကောင် ကောက်ရလို့ အခု ကြက်စွပ်ပြုတ်လုပ်ထားတာပါ။ ထင်းကျတော့ ကျွန်မ မနက်စောစော ထင်းကောက်ဖို့ အနောက်တောင်ပေါ်ကို သွားခဲ့တာလေ" ကျီကျောက်သည် ချိုမြသော အပြုံးနှင့် ပြောပြခဲ့သည်။

ကျောက်လန်ဟွာသည် မသိစိတ်က ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ မိုးစင်စင်တောင် မလင်းသေးဘူး၊ အာရုဏ်တက်ချိန်ပဲရှိသေးတာ မဟုတ်ဘူးလား။

"မင်း... မင်း ဒီလိုလုပ်စရာ မလိုပါဘူး" ကျောက်လန်ဟွာသည် ခဏလောက် စဉ်းစားပြီး ခပ်တိုးတိုး ပြောလာခဲ့သည်၊ "ငါတို့ မနေ့က ဆွေးနွေးပြီးပြီ။ မင်း... မင်း ရှီလျို့ရွာကို ပြန်သွားသင့်တယ်။"

"အမေ ကျွန်မ သိပါတယ်" ကျီကျောက်သည် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်သည်၊ "မနေ့ညက စန်းလန် ကျွန်မကို ပြောပြီးပါပြီ။"

"ဒါဆို မင်း..."

"အခု ဒုတိယမရီးမှာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အာဟာရရှိတာတွေ များများစားပေးဖို့ လိုအပ်တယ်။ အကြီးဆုံးမရီး တစ်ယောက်တည်း လုပ်စရာ အလုပ်တွေ အရမ်းများနေတော့ မရီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေ တချို့တဝက်လောက်ကို ကူညီလုပ်ကိုင်ပေးဖို့ စိတ်ကူးထားတယ်" ကျီကျောက်၏ မျက်နှာပေါ်တွင် ရိုးသားသော အပြုံးတစ်ခု ထင်ဟပ်လာသည်၊ "အရင်က ကျွန်မ ဦးနှောက်မဲ့ပြီး အမှားတွေ အများကြီး လုပ်ခဲ့မိတယ်၊ ကျွန်မ စိတ်ရင်းမှန်နဲ့ ပြန်ပေးဆပ်ချင်တာပါ။"

ကျောက်လန်ဟွာသည် သူမကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေမိသည်။

"အာ့ထောင်၊ နောင်မှာ မင်း ရှန်းမိသားစုရဲ့ ပိုက်ဆံကို ပြန်ဆပ်နိုင်သရွေ့ မင်းရဲ့ ရုပ်ရည် အသွင်အပြင်နဲ့ နောက်အိမ်ထောင်ပြုဖို့ မခက်ပါဘူး။ တကယ်တော့ မင်း လုပ်ပေးစရာ မလိုပါဘူး..."

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now