Ch-2

2.3K 173 2
                                    

အခန်း (၂) – ရှင် ကျွန်မကို အဆိပ်ခတ်ချင်နေတာလား
 
“အိမ်ပြန်ရအောင်”
 
ရှန်းယောင်က အေးစက်စွာပြောပြီး သူမလက်ကိုဆွဲကာ ပွဲကြည့်နေသည့် လူအုပ်ကြားထဲ ဖြတ်လျှောက်သွားခဲ့သည်။
 
ကျီကျောက်သည် ပြောစရာစကားကင်းမဲ့နေလေ၏။
 
မူရင်းဝတ္ထုကို စာတစ်လုံးမကျန် စေ့စေ့စပ်စပ် ဖတ်ရှုထားသူတစ်ဦးအနေဖြင့် ရှန်းယောင်သည် မိမိကိုယ်ကို အလွန်တန်ဖိုးထားတတ်သူဖြစ်ကြောင်း ကောင်းကောင်းကြီးကို သိရှိထားပေသည်။ အိမ်ထောင်ကျပြီးခါစ ဇနီးသည်က သူတို့ လက်ထပ်ပြီး ဒုတိယနေ့မှာပင် သူ့ကို လိမ်လည်လှည့်စားဖို့ အလျင်စလို ဖြစ်နေတာကို သည်းမခံနိုင်လောက်ဘူး။ ဒါကို ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ။
 
ခရက်…
 
သစ်သားတံခါးကို တွန်းဖွင့်ပြီး ရှန်းယောင်သည် သူမကို မျက်နှာအမူအရာကင်းမဲ့စွာ လွှတ်ပေးလိုက်သည်။
 
ထို့နောက် သူက မီးဖိုချောင်သို့ သွားခဲ့သည်။
 
ကျီကျောက်တစ်ယောက် မှင်တက်နေတုန်းမှာပဲ သူက လှည့်ပြီး ပြန်လာခဲ့သည်။
 
“ဆေးကို အရင်သောက်လိုက်ဦး။” ရှန်းယောင်သည် သူမကို အပြာရောင် ကြွေပန်းကန်လုံးကြီးအား ပေးလာခဲ့သည်။
“ဆေးထဲမှာ အဆိပ်ပါတာလား။ ရှင် ကျွန်မကို အဆိပ်ခတ်ချင်နေတာလား။” ကျီကျောက်သည် မျက်လုံးကို အမြန်ဖွင့်ပြီး ကြောက်စိတ်နဲ့ မေးလိုက်မိသည်။
 
“ငါမင်းကို တကယ်သတ်ချင်တယ်ဆိုရင် ဆေးဖိုးအတွက် ပိုက်ဆံဖြုန်းနေစရာ မလိုဘူး။ ဒီဆေးက အအေးမိခြင်းကို ကာကွယ်နိုင်ဖို့အတွက်ပဲ။ မင်း အပြင်မှာ သတိလစ်နေတာ ကြာတော့ အအေးမိနိုင်တယ်။ မင်း အအေးမိဖို့အတွက် ဒါကို နည်းနည်းတော့ သောက်ရမယ်။” ရှန်းယောင်သည် သူမကို မျက်လုံးစွေကြည့်ပြီး ပြောလိုက်သည်။ သူ့မျက်ဝန်းထဲတွင် ထေ့ငေါ့လိုသည့် အရိပ်အယောင်များ သိသာထင်ရှားနေသည်။ “ပြီးတော့ မင်းငါ့ကို လက်မထပ်ချင်ဆိုတာ ငါသိတယ်၊ ဒါ့ကြောင့် မင်းထွက်သွားနိုင်တယ်။ ဒါပေမယ့် မင်း ကျီမိသားစုကနေ ယူထားတဲ့ တင်တောင်းငွေ ငွေနှစ်ချောင်းကိုတော့ ငါတို့ကို ပြန်ပေးရမယ်။ မင်း ငါတို့ရှန်းမိသားစုကနေ ယူထားတဲ့ ပိုက်ဆံအားလုံးကို ပြန်ပေးရမယ်။”
 
သူပြောခဲ့တာတွေက အမှန်တွေဖြစ်ပြီး ကျီကျောက်သည် မိမိကိုယ်မိမိ ခုခံကာကွယ်ပြောဆိုလို့မရသော်လည်း သူမသည် အခုမှရောက်လာပြီး ရှန်းမိသားစုက ထွက်သွားရင် သူမ သေနိုင်တာမို့ သူမ ရှန်းမိသားစုမှာ ဆက်လက်နေထိုင်နိုင်ဖို့ လိုအပ်ပါသည်။ ကျီကျောက်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သနားချင်စရာကောင်းသည့် အမူအရာလေး ပြုလုပ်လိုက်သည်။ “ကျွန်မက အားနည်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ရှင် ကျွန်မကို တကယ်ကွာရှင်းလိုက်မယ်ဆိုရင် ကျွန်မမှာ သွားစရာနေရာမရှိတော့ဘူး။ ကျွန်မရဲ့ အမှားကို ကျွန်မ သိပါတယ်။ ရှင် ကျွန်မကို နောက်ထပ် အခွင့်အရေးလေး မပေးနိုင်ဘူးလား။ ကျွန်မ အနာဂတ်မှာ နောက်ထပ် မိုက်မဲတာတွေ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်။ ကျွန်မ ကျိန်ဆိုပြနိုင်ပါတယ်။”
ကျီကျောက်သည် ကုတင်ပေါ်မှ အမြန်ထကာ ရှန်းယောင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ကျီကျောက်သည် သူမ လက်တစ်ဖက်ကို မြှောက်ကာ ကျိန်ဆိုခဲ့သည်။ “ကျွန်မ ရှင့်ကို အထင်သေးခံစေရမယ့် အရာတစ်ခုခု ပြုလုပ်ခဲ့မယ်ဆိုရင် မြင်းငါးကောင်နဲ့ ဆွဲသတ်ခံရပါစေလို့ ကျိန်ဆိုပါတယ်။”
 
သူမ လေးလေးနက်နက် ကျိန်ဆိုနေတာကို မြင်လိုက်ရတော့ ရှန်းယောင်တစ်ယောက် သူ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် စေ့လိုက်ပေမယ့် ပြန်လည်တုံ့ပြန်ခြင်းတော့ မရှိခဲ့ပေ။
 
“မင်း ဆေးကို အရင်သောက်ပါ။” တခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်းယောင်သည် ဗီရိုလေးပေါ်ရှိ အေးစက်နေသော ဆေးပန်ကန်းအား လက်ညှိးညွှန်ပြကာ စကားဆိုလိုက်သည်။
 
ကျီကျောက်သည် ဆေးပန်းကန်ကို အလျင်အမြန်‌ ကောက်ယူလိုက်ပြီး နှာခေါင်းကို လက်ဖြင့်ညှစ်ကာ တစ်ကျိုက်တည်း သောက်လိုက်သည်။
 
ဟူး…
 
အရမ်းခါးတာပဲ။
 
“ဒီဆေးကို ငါ့မရီး ကျိုပေးထားတယ်ဆိုတာ ပြောဖို့ မေ့သွားတယ်။ ငါ့မရီးက ရွှေချည်ဆေးပင် နှစ်ပင်ကိုတောင် ထည့်ပေးခဲ့တယ်။” ရှန်းယောင်သည် ပန်းကန်လုံးအလွတ်ကို ကောက်ယူပြီး ထွက်သွားခဲ့သည်။
ကျီကျောက်သည် ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွားခဲ့သည်။
 
 
ရှန်းမိသားစုသည် ကြွယ်ဝချမ်းသာသည်။ အိမ်ထောင်ဦးစီးမှာ ရှန်းတာ့ရှန်ဖြစ်ပြီး အိမ်ရှင်မမှာ ကျောက်လန်ဟွာဖြစ်သည်။ ကျောက်လန်ဟွာသည် သားသုံးယောက်ဆက်တိုက် မွေးဖွားပေးခဲ့သည်။ အကြီးဆုံးသား ရှန်းလဲ့သည် တစ်ရွာတည်းနေ အမျိုးသမီးဖုန့်နှင့် လွန်ခဲ့သော သုံးနှစ်ကပင် လက်ထပ်ခဲ့ပြီးဖြစ်သည်။ အခု သူတို့ လင်မယားနှစ်ယောက်က ခရိုင်မြို့မှာ မုန့်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားခဲ့သည်။ ဒုတိယသားဖြစ်သူ ရှန်းကျန့်သည် လက်သမားဖြစ်ပြီး အမျိုးသမီးကျန်းနှင့် လွန်ခဲ့သော တစ်နှစ်က လက်ထပ်ခဲ့ပြီးဖြစ်သည်။ တတိယသားကတော့ ကျီကျောက်နဲ့ လက်ထပ်ထိမ်းမြားခဲ့သည့် ရှန်းယောင်ဖြစ်သည်။
 
သို့ရာတွင် အမျိုးသမီးဇာတ်လိုက်သည် ရှန်းစန်းလန်ကို လက်ထပ်ရန် ဆန္ဒမရှိခဲ့ပေ။ ထို့ကြောင့် သူမသည် မနေ့က ရှန်းမိသားစုဝင်ဖြစ်ပြီးနောက် အမှန်တကယ် ရူးသွပ်သွားခဲ့ကာ ကိုယ်ဝန်ရှိနေပြီဖြစ်သော ဒုတိယမရီးရှန်းကို တွန်းထုတ်ခဲ့သည်။
 
ကံကောင်းစွာဖြင့် အကြီးဆုံးမရီးရှန်းက ဒုတိယမရီးရှန်းကို လျင်မြန်စွာ အကူအညီပေးနိုင်ခဲ့သည်။ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေက တွေးလို့တောင် မရနိုင်ဘူး။
နောက်ပိုင်းတွင် အကြီးဆုံးမရီးရှန်းက အမျိုးသမီးဇာတ်လိုက်ကို ပြစ်တင်ရှုံ့ချခဲ့သော်လည်း အမျိုးသမီးဇာတ်လိုက်က သူမကို ဥ မဥနိုင်တဲ့ ကြက်မလို့ ပြန်လည်ကြိမ်းမောင်းပြောဆိုခဲ့သည်။
 
ကျီကျောက်သည် ဒီအကြောင်းကို ပိုတွေးလေလေ နောင်တရလေလေပါပဲ။ သူမသည် ဘာကြောင့် အဓိပ္ပါယ်မရှိတာတွေကို ပြောခဲ့မိရတာလဲ။ အခုတော့ သူမဟာ စာအုပ်ထဲက ကျီအာ့ထောင် တကယ်ဖြစ်လာခဲ့ပါပြီ။
 
ကျီကျောက်သည် ဒီအကြောင်းကို သူမ ပိုတွေးလေလေ ပိုစိတ်ဆိုးလေလေပါပဲ။ ကျီကျောက်သည် မိမိကိုယ်ကို ပါးနှစ်ချက်လောက် ပြန်ရိုက်ပစ်လိုက်သည်။
“ဟမ့်” တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ ဒုတိယမရီးရှန်းက မျက်စောင်းရွယ်ပြီး ကျီကျောက်ရဲ့ အပြုအမူကို နှာခေါင်းရှုံ့သည်။ ထို့နောက် သူမသည် ကွာစေ့အခွံကို ထွေးထုတ်ကာ ဖုတ်ဖတ်ခါပြီး ထွက်သွားဖို့ ပြင်လိုက်သည်။
 

ဝန်ကြီးချုပ်ရဲ့ ချစ်ဇနီးလေးWhere stories live. Discover now