ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၁၆ : စနေနေ့စျေးဝယ်စင်တာကြီးရဲ့ ဒုတိယအထပ်နဲ့ တတိယအထပ်လည်းရောက်ရော
ဒိုရေသီယာတစ်ယောက် ဝယ်လိုက်တဲ့
ပစ္စည်းတွေဆိုတာနည်းတာမဟုတ်ဘူး၊
ခေါင်းလျှော်ရည်တွေဆိုလည်းနှစ်မျိုးသုံးမျိုးအနည်းဆုံးပဲ။ ကိုယ်တိုက်ဆပ်ပြာရည်တွေနဲ့
မျက်နှာလိမ်းဆေးတွေ၊ အဆီကျသောက်ဆေးတွေ၊ ရာသီသွေးဆင်းချိန် နာကျင်မှုကို ဖြေလျော့ပေးတဲ့သောက်ဆေးတွေ၊ အတွင်းခံအဝတ်အစားတွေ အစုံပဲ။
ကာဇဲအင်းလက်ထဲမှာ ကတ်ထူအိတ်တွေဆိုတာ မရှိဆို လေးငါးဆယ်ခုပဲ။ ချက်ချင်းကို
ပစ္စည်းသယ်တဲ့ ကောင်လေးဘဝ တန်းရောက်သွားတာ၊ ဒိုရေသီယာက သူ(မ)ရဲ့ ပိုက်ဆံအိတ်ပါ လွယ်ခိုင်းထားသေးတာ။
ဘာတတ်နိုင်မှာလဲ လွယ်ရတာပေါ့၊ အရင်ကမ္ဘာမှာတောင် ယောင်္ကျားတွေက မိန်းမစျေးဝယ်တဲ့နောက်လိုက်ပြီး ပစ္စည်းတွေသယ်ပေးရသေးတာ၊ အခုလို မဝါဒီုကြီးစိုးတဲ့ ကမ္ဘာမှာဆို ပိုလို့တောင်လွယ်ပေးရသေးတယ်။
"ဟင်"
လွယ်ထားတဲ့ ဒိုရေသီယာရဲ့ ပိုက်ဆံအိတ်နဲ့ တံတောင်ဆစ်နဲ့ တိုက်မိတော့ မာကျောတာတစ်ခုခုကို ခံစားမိလိုက်တယ်၊ အဲဒါကဖုန်းလို ပြားပြားကြီးမဟုတ်ဘူး၊ နှုတ်ခမ်းနီတောင့်တို့၊ မိတ်ကပ်ဘူးတို့လို မျက်နှာပြင်ချောမွေ့တဲ့ပစ္စည်းမျိုးမဟုတ်ပြန်ဘူး။
ဒိုရေသီယာကို ကြည့်လိုက်တော့ သူ(မ)က
အတွင်းခံအဝတ်အစားနဲ့ အသားကပ်ခြေအိတ်တွေကို ဂရုတစိုက်ရွေးနေတာ၊ သူ(မ)ကိုင်လိုက်တဲ့ အတွင်းခံတွေအကုန်လုံးက ဇာနဲ့လုပ်ထားတာတွေချည်းပဲ။
တဆိုင်လုံးကို အားရပါးရပတ်ရွေးနေချိန်မှာ
ကာဇဲအင်းက ကောင်တာနားမှာ အထုပ်အပိုးတွေကိုင်ပြီး စောင့်နေခဲ့တာ။
"...."
ဘေးတစောင်းလွယ်ထားတဲ့ ဒိုရေသီယာရဲ့ ပိုက်ဆံအိတ်ကို နောက်တစ်ကြိမ် တံတောင်ဆစ်နဲ့ ထပ်ဖိကြည့်လိုက်တယ်။
မမှားဘူး။ ထူးထူးဆန်းဆန်းပုံစံနဲ့
အရာတစ်ခုရှိနေတာ၊ ဒီကမ္ဘာမှာ နုပျိုဆေးလို ဆေးမျိုးတောင်ရှိနေတာ ပိုက်ဆံအိတ်ထဲမှာ မိတ်ကပ်ဘူး၊ နှုတ်ခမ်းနီတောင့်အပြင် အရင်ကမ္ဘာမှာမရှိတဲ့ တခြား ဘယ်လိုထူးထူးဆန်းဆန်းပစ္စည်းတွေကို သယ်တတ်သေးလဲလို့ ကာဇဲအင်း အတွေးနယ်ချဲ့မိတယ်၊
အဲဒီအတွေးအနောက်က ကပ်ပါလာတဲ့အရာက သိချင်စိတ်ပြင်းပြခြင်းပဲ။
ဒိုရေသီယာရှိရာကို လှမ်းကြည့်လိုက်တော့
သူရှိတဲ့ဘက်ကို ကျောပေးပြီး အတွင်းခံတွေ ရွေးနေတုန်း၊ သူ့ဘေးမှာလည်း အရောင်းဝန်ထမ်းတွေရှိမနေဘူး။
ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ အဲဒီလူရဲ့ ပစ္စည်းကို ထုတ်ကြည့်တာ ကိုင်ကြည့်တာက
မလုပ်သင့်ဘူး၊ ဒါပေမယ့် တစ်ဖက်ကကြည့်ရင် ဒါက ခိုးတာမှမဟုတ်တာ။ ဒီအတိုင်း သိချင်လို့ ကြည့်ရုံပဲလေ၊ ထူးထူးဆန်းဆန်း လူကြီးကစားစရာဆိုလည်း ကြိတ်ရယ်ပြီး နောက်မှ သူ(မ)ကိုစနောက်တာပေါ့၊ လူလစ်တုန်း မသိမသာလေး ဇစ်ဖွင့်ပြီး ကြည့်လိုက်ပေမယ့် အထဲကိုမြင်မြင်ချင်း ဇစ်ပြန်ပိတ်လိုက်ရတယ်။ ဘာလို့ဆို သူမြင်လိုက်ရတဲ့ အရာက ထူးထူးဆန်းဆန်း လူကြီးကစားစရာမဟုတ်သလိိုနုပျိုဆေးလိုမျိုး ခေတ်လွန်အလှပြင် ပစ္စည်းလည်းမဟုတ်ဘူး၊ အဲဒါက အသံတိတ်ပြောင်းတပ်ထားတဲ့ လူဂါပစ္စတိုသေနတ်ပဲ။
"...."
ပါးစပ်အဟောင်းသားနဲ့ ကြောင်တောင်တောင် ဖြစ်သွားတယ်။
သူသိသလောက်ဆို ပရပ်ရှားအင်ပါယာထဲမှာ
သာမန်ပြည်သူတွေကို လိုင်စင်နဲ့လက်နက်ကိုင်ဆောင်ခွင့်လည်း မပေးထားပါဘူး၊ နည်းနည်းတောင် ချွေးပြန်သွားတယ်။
အိတ်ထဲမှာ သေနတ်သယ်ပြီး စျေးဝယ်စင်တာထဲ ဘယ်လိုဝင်လာတာလဲလို့ စဉ်းစားနေတုန်း အဆောက်အအုံအဝင်အဝမှာ
ဘာသတ္တုရှာစက်မှ မတပ်ထားတာကို သတိရသွားတယ်။ ပြောရမယ်ဆိုရင် ဒီစျေးဝယ်စင်တာက ဗိသုကာလက်ရာကြောင့်သာ ခမ်းနားနေတာ၊ တကယ်တမ်းက တတိယတန်းစား စျေးဝယ်စင်တာ အဆင့်လောက်ပဲရှိမယ်ထင်တယ်။ အရင်ကမ္ဘာမှာတော့ ရပ်ကွက်ထဲက
နှစ်ဆယ့်လေးနာရီဖွင့်တဲ့ ကုန်မျိုးစုံဆိုင်အကြီးစားလိုမျိုးပေါ့။ ဘာလို့အဲဒီလိုနှိုင်းယှဉ်ရလဲဆိုတော့ ဒီထဲမှာ သူကောင်းမျိုးတွေထက် သာမန်လူတွေပိုများကြတယ်၊
ရောင်းတဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေကလည်း
စျေးသက်သာတယ်ပြောရမယ်။
အဲဒီလိုနေရာမျိုးထဲကို ပိုက်ဆံအိတ်ထဲ
သေနတ်ဖွက်ယူလာလို့ရတာ မထူးဆန်း-
"ပြသာနာက နေရာမဟုတ်ဘူးဟ။ ဘာလို့ သူ(မ)ဆီမှာ သေနတ်ရှိနေတာလဲကမှ
တကယ့် ပြသာနာ" လို့ ကာဇဲအင်း
သူ့ဘာသာ သတိပေးပြီး နားထင်နှစ်ဖက်ကို
လက်ခလယ်၊ လက်မ နှစ်ဖက်နဲ့ ဖိပြီး
စိတ်ကိုအရင်ဖြေလျော့လိုက်တယ်။
"ဟူး..."
ပြီးတော့ ဒိုရေသီယာရှိရာကို ထပ်ကြည့်မိတယ်၊ သူ(မ)လက်ထဲမှာ ဝယ်ဖို့ရွေးထားတဲ့
အသားကပ်ခြေအိတ်နှစ်စုံနဲ့ အတွင်းခံတစ်စုံကိုင်ထားရင်း အရောင်းဝန်ထမ်းမလေးနဲ့
စကားတွေပြောနေတာ။ ဒိုရေသီယာကို ကြည့်နေရင်းနဲ့ ကာဇဲအင်း နှစ်မျိုးတွေးမိတယ်။ပထမတစ်မျိုးက ဂျဲနာ တော်ဝင်တက္ကသိုလ်က အချိန်ပိုင်းစာကြည့်တိုက်မှုုးတစ်ယောက်ဆီမှာ ပုံမှန်လားဆိုတာပဲ။ ဟင့်အင်း။ အဲဒါကမဖြစ်နိုင်သလောက်ပဲ။ သက်ဦးဆံပိုင်စနစ်အောက်က အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ ဥပဒေကသတ်မှတ်ထားတဲ့အချက်ကို ချိုးဖောက်ပြီး တရားမဝင်လက်နက်ကိုင်ဆောင်ဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေးတယ်။
ပြီးတော့ သူကောင်းမျိုးဆိုရင်လည်း ထားပါတော့၊ မင်းမဲ့ဝါဒီတွေနဲ့ ကွန်မြူနစ်အန္တရယ်ကိုကြောက်ရလို့ လက်နက်ကိုင်ထားတာ၊
ဒါပေမယ့် သူကောင်းမျိုးလည်းမဟုတ်သလို
သူ(မ)လုပ်နေတဲ့ စာကြည့်တိုက်မှုုးဆိုတာကလည်း သေနတ်အိတ်ထဲထည့်ထားရလောက်အောင် အန္တရယ်များတဲ့အလုပ်မှမဟုတ်တာ။

ESTÁS LEYENDO
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Ficción históricaကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...