ကာဇဲအင်းနဲ့ဧကရီများ : အတွဲ ၁
အခန်း ၁၉ : နီးကပ်လာသော အန္တရယ်
ဘာလိုလိုနဲ့ ပထမနှစ်စာမေးပွဲဖြေရတော့မယ်။ အမျိုးသားရေးရာကလပ် ဖွင့်ပြီးတော့
ကျောင်းတွင်းအနိုင်ကျင့်ခံရမှုတိုင်စာတွေ တော်တော်များများရောက်လာကြတယ်၊
ခံရတဲ့လူတွေထဲမှာ ယောင်္ကျားလေးတွေချည်းပဲမဟုတ်ဘဲ မိန်းကလေးတွေလည်းတစ်ဝက်လောက်ပါတယ်။
အမျိုးသားရေးရာကလပ်ဆိုပေမယ့်
လက်ရှိမှာ ကျား၊မ မခွဲခြားဘဲ မတရားဖိနှိပ်၊ စော်ကားခံရတာတွေကို ထုတ်ဖော်တဲ့
အဖွဲ့အစည်းငယ်လေး တစ်ခုဖြစ်လာတယ်။
ကာဇဲအင်း စလိုက်တဲ့ညနေပိုင်း
ကာယ လေ့ကျင့်ခန်းအချိန်မှာလည်း
ယောင်္ကျားလေးတွေ တိုးလာလိုက်တာ
အခုဆို အယောက်သုံးဆယ်ကျော်နေပြီ။ဒါတွေက အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေဆိုပေမယ့်
မဝါဒီအစွန်းရောက်တွေ၊
သူကောင်းမျိုးအများစုနဲ့ သူတို့ဘေးက
ဝန်းရံသူတွေအတွက်တော့ အဲဒီကလပ်က
မျက်မုန်းကျိုးစရာတစ်ခုဖြစ်လာတာပေါ့။
ဒါပေမယ့် မကျေနပ်ကြောင်း အတင်းပြောကြတာကလွဲလို့ ဘာမှဆိုးဆိုးရွားရွားတော့
မလုပ်ပါဘူး။ ဘာလို့ဆို အဲဒီကလပ်နောက်မှာ ရှိနေတာက စည်းကမ်းထိန်းသိမ်းရေးနဲ့ ကျောင်းကောင်စီလေ၊ အနိုင်ကျင့်တာတွေ တိုင်တဲ့ ကလပ်ကို သွားအနိုင်ကျင့်ရင်
ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ သူတို့ရှေ့က
လီယွန်နာကို ကြည့်ပြီး သင်ခန်းစာရသွားတာလို့ပြောရမယ်၊ ပြီးတော့ အဲဒီအဖွဲ့ထဲက
ကာဇဲအင်း ဆိုတဲ့ကျောင်းသားက နယ်စားသမီးမေယျာ ကိုယ်တိုင် တောင်းပန်ခံရတဲ့ လူ။ အဲဒီတော့ အမျိုးသားရေးရာကလပ်ပေါ်လာတဲ့ ကိစ္စနဲ့ပက်သက်ပြီး
သူတို့လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။အမျိုးသားရေးရာကလပ် နာမည်ရလာတဲ့အချိန်နောက်ပိုင်း ကာဇဲအင်းနဲ့ အယ်လာရဲ့ ကြားထဲက ဆက်ဆံရေးကလည်း
အရင်ကထက် ပိုတိုးတက်လာတယ်။
အစကတော့ အယ်လာက ကာဇဲအင်းကို
မယုံကြည်သေးဘူး၊ ဒီအဖြစ်အပျက်ကနေ
အခွင့်အရေးယူပြီး သူ(မ)ကို ဖားလျားမယ့် လူစားမျိုး၊ ဒါမှမဟုတ်လည်း သူ(မ)ရဲ့ အရှိန်အဝါကို အသုံးချပြီး နောက်ပိုင်းမှာ
အခွင့်အရေးတွေသိမ်းကြုံးယူမယ့် အကြံသမားမျိုးပဲနေမှာလို့ မှတ်ယူထားတာ။
ဒါပေမယ့် တစ်လခွဲလောက်ကြာတော့
သူ(မ)ထင်သလိုမဟုတ်မှန်း သိသွားတယ်။
သူ ပြောတဲ့စကားတွေ၊ အပြုအမူတွေ နဲ့
သူ့ရဲ့ ကိုယ်ဟန်အနေအထားတွေက
ဟန်ဆောင်နေတာတွေ လိမ်နေတာတွေတစ်ခုမှမပါဘူး။ နယ်စားသမီးမလို့ ရှိန်တဲ့အမူအရာလည်းမပြဘူး၊ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး အရှိအတိုင်းပဲပြောတာ။
ဘယ်မှာ ပိုသိသွားလဲဆိုတော့ အဖွဲ့လိုက်စာတမ်းပြုစုဖို့ နှစ်ယောက်သား
ပရပ်ရှားအင်ပါယာရဲ့ အုပ်ချုပ်ရေးအပိုင်းကို ဆွေးနွေးကြတဲ့အချိန်မှာသိသွားတာပဲ။
မေယျာအိမ်တော်ရဲ့ အမွေဆက်ခံသူရှေ့ရောက်ရင် ဘယ်သူမဆို သက်ဦးဆံပိုင်အုပ်ချုပ်ရေးကို အမွှန်းတင်တဲ့အချက်တွေပဲ ဆွေးနွေးကြမှာဆိုပေမယ့် ကာဇဲအင်းကတော့
သက်ဦးဆံပိုင်စနစ်အောက်က နိုင်ငံရေး၊လူမှုရေး နဲ့ စီးပွားရေးရဲ့ ဟာကွက်တွေကို ပြောင်ပြောင်တင်းတင်းပဲဝေဖန်သွားတယ်။
YOU ARE READING
ကာဇဲအင်းနှင့်သူ၏ဧကရီများ (ပူးတွဲရေးသားခြင်း)
Historical Fictionကာဇဲအင်းဆိုတဲ့ ကောင်လေးတစ်ယောက် လကြတ်တဲ့ညမှာ လိပ်ပြာလွှင့်ရင်း အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ အဲဒီကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးနဲ့တူပေမဲ့ သမိုင်းဝင်ဖြစ်ရပ်တွေအားလုံးမှာ အမျိုးသမီးတွေချည်းပဲ ဦးဆောင်ခဲ့ကြတာ။ မဝါဒကြီးစိုးနေလို့ ယောက်ျာ...